Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

HRDP အဖွဲ့ဝင်များကို ပုဒ်မသုံးခုဖြင့် ရုံးထုတ်စစ်ဆေးမည်

ဗထူး။ မတ် ၁၂၊ ၂၀၀၈

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP)အဖွဲ့ဝင်သုံးဦးကို စစ်အစိုးရက ပုဒ်မ သုံးခုဖြင့် စွပ်စွဲ၍ ထောင်ဒဏ်အပြစ်ပေးရန်စီစဉ်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလနှင့် နိုဝင်ဘာလအတွင်းက စစ်အစိုးရ၏ ဖမ်းဆီးခံထားရသူ (HRDP) အဖွဲ့ဝင်သုံးဦး၏ မိသားစုဝင်များက ယနေ့တွင် ထောင်ဝင်စာသွားတွေ့ပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရအနေဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ သံဃာနှင့်လူထုလှုပ်ရှားမှုများအတွင်း နိုင်ငံအနှံ့ ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ နိုင်ငံအတွင်း လူ့အခွင့်အရေးပညာပေးလုပ်ငန်းများ လုပ်ကိုင် နေသည့် (HRDP)အဖွဲ့ဝင်များလည်း ဖမ်းဆီးခံခဲ့ရသည်။

ယခုလ (၂၀)ရက်နေ့တွင် တရားရုံးထုတ် စစ်ဆေးခံရမည့်သူများမှာ ကိုအောင်ဇော်ဦး၊ ဦးမောင်ကံနှင့် ကိုကျော်စိုးတို့ဖြစ်ပြီး ၎င်းတို့အား ပုဒ်မ ၁၃(၁)၊ ၁၇(၁)၊ ၅၀၅(ခ) အစရှိသည့် ပုဒ်မ သုံးခုဖြင့် စွဲဆိုထားခြင်း ဖြစ်သည်။

“အမှုစစ်တယ်ဆိုတာကတော့ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ HRDP လုပ်လို့ မတရားသင်း လို့ ပြောတာလား။ ဒါဆိုရင်တော့ ကျနော်တို့မှာ စကားပြောစရာရှိတယ် အဲဒါဘာလဲဆိုတော့ ကျနော်တို့ HRDP ဟာ အသင်းအဖွဲ့ ပါတီမဟုတ်ပါဘူးခင်ဗျ။ ကျနော်တို့ဟာ အလုပ်တခုအတွက် တူညီသော ရည်ရွယ်ချက်နဲ့ အတူလုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု (HRDP) မှ ဦးမြင့်အေးက ပြောဆိုသည်။

တို့သုံးဦးအား မင်္ဂလာတောင်ညွှန့် မြို့နယ် တရားရုံးတွင် ထုတ်မည်ဆိုသော်လည်း စစ်ဆေးမှု များကို ထောင်တွင်းတရားရုံးမှာသာ ပြုလုပ်မည်ဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်၍ ခုခံချေပနိုင်ရန် အတွက် မိသားစုမှ ရှေ့နေများနှင့် ပြင်ဆင်ထားပြီးဖြစ်သလို (HRDP)အနေဖြင့်လည်း ရှေ့နေ များဖြင့် တိုင်ပင်နေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရ အာဏာပိုင်များက ကိုအောင်ဇော်ဦးအား ရန်ကုန်မြို့ (၃၉)လမ်းတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကိုကျော်စိုးအား တောင်ကြီးမြို့တွင်လည်းကောင်း၊ ဦးမောင်ကံအား ၀ါးခယ်မမြို့မှလည်းကောင်း၊ စက်တင်ဘာလနောက်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထောင်တွင်းတွင် လများစွာ ရမန်ယူကာ ချုပ်နှောင်ထားပြီးနောက် ၎င်းတို့သုံးဦးအား ယခုလ (၁၀) ရက်နေ့တွင် စတင်ပုဒ်မတပ်ကာ တရားစွဲဆိုခြင်း ဖြစ်သည်။

နယ်ကျော်မှု ၁၃(၁) နယ်ကျော်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ တရားမ၀င် အသင်းအပင်းများနှင့် ဆက်သွယ်မှု ၁၇(၁) ဖြင့် စွဲဆိုခြင်းကို နားမလည်နိုင်ကြောင်းနှင့် ဒေသ မတူသည့် တနေရာစီမှ ဖမ်းဆီးလာပြီး သုံးဦးစလုံးအား ပုဒ်မတပေါင်းတည်း စွဲဆိုခဲ့ခြင်းဖြစ် သည်ဟု ဦးမြင့်အေးကဆိုသည်။

ယခုအခါ အင်းစိန်ထောင်တွင်းတွင် ကိုအောင်ဇော်ဦးအား သီးသန့်ထောင် အဆောင်(၁)၊ အခန်း(၁)တွင် ချုပ်နှောင်ထားသည်ဟု ထောင်ဝင်စာသွားတွေ့သည့် မိသားစုနှင့်နီးစပ်သူ တဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်နှင့် စက်တင်ဘာ လှုပ်ရှားမှုများနောက်ပိုင်း စစ်အစိုးရက ဖမ်းဆီးထောင်ချ မှုများ ပြုလုပ်နေခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း မှ ကိုတိတ်နိုင်က “ပထမတော့ ရမန်ယူပြီး ပုဒ်မတွေပြောင်းတာလုပ်တယ်၊ နောက်ပိုင်းတရားရုံး ထုတ်ပြီး ထောင်ချနေတာ အယောက် (၄၀)လောက် ရှိသွားပြီ၊ အဲ့ဒီအထဲမှာ သံဃာတော်တွေ လည်းပါတယ်၊ အများဆုံးထောင်ဒဏ် အနှစ်(၂၀) တဦးနဲ့ အများစုကတော့ ထောင်ဒဏ် (၇)နှစ် ချခံရတာများတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေတော့ မပါသေးဘူး” ဟု ပြောဆို ခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org