Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လူထုကိုယ်တိုင်ဆက်လက်တိုက်ပွဲဝင်ရန် အရှင်ဂမ္ဘီရ မိန့်ကြား

ဗထူး။ မတ် ၁၀၊ ၂၀၀၈

အင်းစိန်ထောင်တွင်း အကျဉ်းကျနေသော သံဃာတပ်ပေါင်းစု ခေါင်းဆောင် အရှင်ဂမ္ဘီရက စစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲအား လူထုကိုယ်တိုင် ဆက်လက်တိုက်ပွဲဝင်ရန် ယနေ့ မိန့်ကြားလိုက်သည်။

ယနေ့နံနက် (၁၁)နာရီခန့် အင်းစိန်ထောင်တွင်း ထောင်ဝင်စာသွားတွေ့ ခဲ့သူ မိသားစုဝင်တဦးအား အရှင်ဂမ္ဘီရက ယခုကဲ့သို့ မိန့်မှာလိုက်ခြင်း ဖြစ်သည်။

ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး စစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲသတင်းကို ကြားသိနေကြပြီး အရှင်ဂမ္ဘီရက ပြည်သူလူထုအား မှာကြားလိုက်ခြင်းနှင့်ပတ်သက်၍ ထောင်ဝင် စာသွားတွေ့သည့် အမတော်စပ်သူ မခင်သူထွေးက “အခုလုပ်မဲ့ဆန္ဒခံယူပွဲကို သိပါတယ်။ အဲဒီ အတွက်လည်း မှာလိုက်တယ်၊ လူထုအနေနဲ့ ဒီလိုအတိုင်းပဲ ဆက်နေချင်ရင်တော့ ဒီအတိုင်းနေ ပေါ့၊ ပိုကောင်းတဲ့အနေထားကို ရချင်တယ်ဆိုရင်တော့ ဒီတိုင်းမနေနဲ့ပေါ့နော်၊ လူထုကိုယ်တိုင် သတ္တိရှိစွာနဲ့ ပြောင်းလဲရမယ်။ မထောက်ခံနဲ့လို့ ပြောလိုက်တာပါ” ဟု ဆိုသည်။

အရှင်ဂမ္ဘီရ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေပြီး အာဏာပိုင်များက ထပ်မံခေါ်ယူ စစ်ဆေးခြင်းများမရှိကြောင်း ပြောဆိုပြီး ယခင်အဆောင် (၂) မှ အဆောင် (၁) အခန်း (၃)သို့ ပြောင်းရွှေ့ထားပြီး ၎င်းနှင့်အတူ ကိုမင်းမင်းစိုးနှင့် အခြားသူများရှိနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အရှင်ဂမ္ဘီရအား စစ်အစိုးရက ပုဒ်မ ၁၃(၁)၊ ၁၇(၁) ဖြင့် အလုံမြို့နယ်တရားရုံးမှလည်းကောင်း၊   ပုဒ်မ ၅(ည)ဖြင့် လှိုင်မြို့နယ်တရားရုံးတို့မှ တရားစွဲဆိုထားခြင်းဖြစ်ပြီး ပြင်ပရုံးသို့ ယနေ့ အချိန် အထိ မထုတ်သေးပဲ ထောင်တွင်း၌ပင် ရမန်ဆက်လက်ယူထားကာ လာမည့် (၁၇) ရက်နေ့တွင် ထပ်မံချိန်းဆိုထားသည်ဟု ဆိုသည်။

ထောင်တွင်းရှိသံဃာတော်များ အခြေအနေနှင့်ပတ်သက်၍ သူမက “အထဲမှာရှိနေတဲ့ သံဃာတော်တွေက ဆက်ပြီး မေတ္တာပို့နေတုန်းပါပဲ၊ လူဝတ်လဲထားပေမဲ့ အကုန်လုံး ကံဆောင် ထားဆဲပါပဲလို့ ပြောတယ်” ဟုဆိုသည်။

ယနေ့ ထောင်ဝင်စာသွားတွေ့ချိန်တွင် အာဏာပိုင်များဘက်မှ ယခင်ကကဲ့သို့ စောင့်ကြည့် မှတ်သားမှုများမရှိပဲ (၁၀) မိနစ်ခန့် အချိန်ပိုလွတ်လပ်စွာပြောဆိုခဲ့ရသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“လူထုအနေနဲ့ သတ္တိရှိရှိရင်ဆိုင်ရမယ်၊ တဦးချင်းစီက အမှားကြီးကိုလက်ခံလာတော့မှ အမှားကြီး ဖြစ်သွားတာပေါ့၊ ဒီလိုတိုင်း မနေချင်ဘူးဆိုရင် ပြုပြင်ပြောင်းလဲသွားရမယ်” ဟု အရှင်ဂမ္ဘီရက ဆက်လက်မိန့်ကြားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org