|
ကုလအထူးကိုယ်စားလှယ် မြန်မာပြည်သို့
သွားခွင့်ရ
ဉာဏ်မောင်။
မတ် ၅၊ ၂၀၀၈
မြန်မာစစ်အစိုးရက ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာအီဗရာဟင် ဂမ်ဘာရီအား
အင်္ဂါနေ့ တွင် လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်းကုလသမဂ္ဂ
ပြောရေးဆိုခွင့်ရှိသူ တဦးက တနင်္လာနေ့ တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂအကြီးအကဲ မစ္စတာဘင်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူ
မီရှဲ(လ်)မွန်တပ်(Michele
Montas) က “အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်
မစ္စတာအီဗရာဟင် ဂမ်ဘာရီကို မြန်မာနိုင်ငံကိုလာဖို့
မြန်မာအစိုးရကဖိတ်တဲ့အတွက် မနက်ဖြန်ထွက်ခွာပါလိမ့် မယ်”ဟုဆိုသည်။
လာမည့်မေလတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍
မစ္စတာဂမ်ဘာရီသည် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းများနှင့်
အသေးစိတ်တိုင်ပင်ဆွေးနွေးမည်ဖြစ်ပြီး ၎င်းအနေနှင့်
မြန်မာစစ်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု
မျှော်လင့်ကြောင်း သူမက ဆက်လက်ပြောဆိုခဲ့သည်။
မစ္စတာ
ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ကြာသပတေးနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး
“လိုအပ်ရင် ကြာကြာနေလိမ့်မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့အခေါက်တုံးက
မတွေ့နိုင်ခဲ့တဲ့ အဖွဲ့အစည်းတွေ အပါအဝင် မြန်မာအသိုင်းအဝိုင်းမှာ
တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်
ဆွေးနွေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု မွန်တပ်က ပြောဆိုခဲ့သည်။
၎င်းခရီးစဉ်သည်
မစ္စတာဂမ်ဘာရီအတွက် ပြီးခဲ့သည့်နှစ်က သံဃာတော်များဦးဆောင်လူပ်ရှားမှု
ကို စစ်အစိုးရက အကြမ်းဖက်နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း
တတိယအကြိမ်မြောက်သွားရောက်ရသော ခရီးစဉ်ဖြစ်သည်။ |