|
အမျိုးသမီးတဦးကို
မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ
ဉာဏ်မောင်။
မတ် ၁၆၊ ၂၀၀၈
ဘူးသီးတောင်မြို့နယ်၊ နယ်စပ်စစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြားများ
သယ်ဆောင်လာသူ အမျိုးသမီးတဦးနှင့် အလုပ်သမားနှစ်ဦးကို ဖမ်းဆီးခဲ့သည်။
ဘူးသီးတောင်မြို့နယ်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (DEA)က ယခုလ
(၁၃)ရက်နေ့ ညနေပိုင်းတွင် မသန်းတင်ဆိုသူ အမျိုးသမီးထံမှ
ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
DEA အဖွဲ့က
ဂျက်တီဆိပ် စစ်ဆေးရေးဂိတ်တွင် မသန်းတင်ယူဆောင်လာသော လက်ကိုင်အိပ်
အတွင်းမှ ဉာဏ်တော်အမြင့် (၁၄)လက်မရှိ ကြေးနီဗုဒ္ဓရုပ်ပွားတော်အတွင်း၌
ဟီးရိုးအင်း (၁၀၀)ဂရမ်နှင့် ယာဘားဆေးပြား (၇၀၀)တို့ကို
ရှာဖွေတွေ့ရှိခဲ့သည်။
၎င်းအမျိုးသမီးသည် မောင်းတော (၄)မိုင်ဂိတ်မှ တာဝန်ခံ ရဲတပ်ကြပ်ကြီး
ဇော်လွင်၏ဇနီးဖြစ်ပြီး မသန်းတင်၏ အိပ်များကို သယ်ဆောင်ပေးကြသည့်
ဂျက်တီဆိပ်မှ အလုပ်သမား (၂)ဦးကို လည်း ဖမ်းဆီးခဲ့သည်။
ရဲတပ်ကြပ်ကြီးဇော်လွင်ကိုလည်း အခင်းဖြစ်သည့် ညမှာပင်
မောင်းတောမြို့နယ်၊ နယ်မြေခံ အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ၎င်းတို့
(၄)ဦးစလုံးကို ဘူးသီးတောင်မြို့နယ် နည်းဗျူဟာမှူး ရုံးတွင်
ချုပ်နှောင်ထားပြီး ဆက်လက်စစ်ဆေးသွားမည် ဖြစ်သည်။
မသန်းတင်သည်
မွန်ပြည်နယ်ဇာတိဖြစ်ပြီး မွေးရပ်မြေကို တလ တခေါက်ပြန်၍
မွန်ပြည်နယ် -ရန်ကုန်-ရခိုင်ပြည်နယ် လမ်းကြောင်းများအတိုင်း
အရောင်းအ၀ယ်လုပ်နေသူဖြစ်သည်။
ဘူးသီးတောင်မြို့နယ်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (DEA)အဖွဲ့သည်
မူးယစ်ဆေးဝါး များအပြင် ဆေးရုံသုံးဆေးဝါးများ
တရားမ၀င်သယ်ဆောင်ခြင်းများကိုလည်း စီမံချက်များထား လုပ်ဆောင်နေသောအဖွဲ့
ဖြစ်သည်။ |