|
သမ္မတလောင်း အိုဘားမားက
“ဒီနှစ်ဟာဆိုရင် မြန်မာနိုင်ငံ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အနှစ်(၂၀)
ပြည့်အထိမ်းအမှတ်လည်းဖြစ်သလို အသိဉာဏ်ပညာကြွယ်ဝတဲ့
ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည်သူတွေကို စစ်အာဏာရှင် လက်အောက်က
လွတ်မြောက်ဖို့အတွက် နောက်ဆုံး ထွက်သက်ထိ အမှန်တရားဘက်က ရှိနေမှာ
ဖြစ်ပါတယ်။ သူမဟာ အစဉ်အလာအရ ကြီးကျယ်မြင့်မြတ်တဲ့ မဟဒ္ဓမဂန္ဒီ၊
နယ်ဆင်မင်ဒဲလားနဲ့ မာတင်လူသာကင်းတို့လို (အာဏာရှင်များကို)
အကြမ်းမဖက်သောနည်း(မေတ္တာဖြင့်)ကို အသုံး ပြုခြင်းဖြင့်
ခုခံကာကွယ်နေတဲ့အတွက် ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေးနိုဗယ်ဆုကို
ရရှိခဲ့ခြင်းဖြစ်ပါ တယ်” ဟု ရေးသားဖော်ပြထားသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မွေးနေ့ (၁၃)
ကြိမ်ထိ နေအိမ် အကျယ်ချုပ်ဘဝနဲ့ နေရပြီး ခေတ်နောက်ကျကျန်နေသည့်
သူမတိုင်းပြည်အတွက် မျှော်လင့် ချက်တွေ၊ ဆက်လုပ်ရဦးမည့်
မျှော်လင့်ချက်များနှင့်အတူ ဆက်လက်ပြီး အကျဉ်းကျခံနေရသည် ဟု
အဆိုပါကြေညာချက်တွင် ဆက်လက်ရေးသားဖော်ပြထားသည်။
“ဒီလိုမွေးနေ့မျိုးမှာ ဒေါ်စုကို ကျွန်တော်တို့ ချီးကျူးဂုဏ်ပြုကြပါတယ်။
သူလိုချင်တဲ့၊ လုပ်ချင်တဲ့ အရာတွေကိုဘဲ မြန်မာပြည်သူတွေကို
လေးစားဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့က လုပ်ဆောင် ပေးရပါမယ်၊
သူတို့တွေရဲ့ လွတ်မြောက်ရေး၊ တရားမျှတရေးနှင့် ဒီမိုကရေစီရေးတို့အတွက်
တိုက်ပွဲဝင်နေမှုများကို သူတို့နှင့်အတူ တသွေးတသားတည်း
ထိန်းသိမ်းစောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်းဖော်ပြထားသည်။
မြန်မာစစ်အစိုးရသည် ပြည်သူတို့၏ ပင်ကိုရိုးသား အကောင်းမြင်
ရှုမြင်တတ်မှုအပေါ် အခွင့် ကောင်းယူပြီး အခြေခံလူ့အခွင့်အရေးများကို
ချိုးဖေါက်နေသဖြင့် လူနေမှုအဆင့်အတန်းမှာ ဆယ်စုနှင့်ချီ၍
နိမ့်ကျပျက်စီးနေကြောင်းတို့ကိုလည်း ဖော်ပြထားသည်။
ပြည်ပရောက်
ဒုက္ခသည် (၂) သန်း၊ အကျဉ်းထောင်ထဲရှိ ထောင်နှင့်ချီသော နိုင်ငံရေး
အကျဉ်းသားများရှိနေခြင်းတို့ကို ကြည့်ခြင်းအားဖြင့်
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ဆီကို သွားနေပါသည်ဟုဆိုသော
စစ်ဗိုလ်ချုပ်ကြီးများသည် မြန်မာပြည်နှင့် ပြည်သူများကို
ပိုမိုပျက်စီးပြီး ခေတ်နောက်ကျကျန်ရစ်ခဲ့အောင်
ဆက်လက်လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
“စစ်အာဏာပိုင်တွေဟာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ကောင်းမွန်စွာအသက်ရှင်
ရပ်တည် နေထိုင်ရေးနဲ့ပတ်သက်လို့ ဆက်လက်ပြီး ပျက်ကွက်နေမယ်ဆိုရင်
နိုင်ငံတကာအသိုင်းအဝိုင်း အနေနှင့်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့
ကန့်သတ်ချက်တွေကို ငဲ့ကွက်မနေတော့ဘဲ ထိရောက်တဲ့
ညှိနှိုင်းဆောင်ရွက်ရမည့် အရေးယူမှုကို ပြင်းထန်စွာလုပ်ကိုင်ရတော့မှာ
ဖြစ်ပါ တယ်” ဟု ဆိုသည်။
ထို့အပြင်
အမေရိကန်နိုင်ငံ ရီပက်ပလီကန်သမ္မတလောင်း ဂျွန်းမက်ကိန်း၏ဇနီးဖြစ်သူ
ဆင်ဒီမက်ကိန်းက ယခုလ (၁၉) ရက်နေ့တွင်
ဗီယက်နမ်နိုင်ငံသို့လာရောက်လည်ပတ်စဉ် မြန်မာစစ်အစိုးရ၏
လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းထန်စွာ ပြစ်တင်ဝေဖန်လိုက်သည်။
ဆင်ဒီမက်ကိန်းသည် ဗီယက်နမ်မှတဆင့် ကမ္ဘောဒီးယားနိုင်ငံသို့
သွားရောက်မည်ဖြစ်ပြီး နာဂစ် မုန်တိုင်းဒဏ်သင့်ဒုက္ခသည်များအတွက်
ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ရန် အလှူခံနေသည့် အစီစဉ်အဖြစ် ယခုအပတ်အတွင်း
အာရှခရီးစဉ်လှည့်လည်နေခြင်း ဖြစ်သည်။ |