|
ဆားဈေး (၆)ဆကျော် မြှင့်တက်သွား
ရိုးမ
၃။ ဇွန် ၃၀၊ ၂၀၀၈
နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် စပါးစိုက်ပျိုးသည့် လယ်များသာမက
ဆားကွင်းများပါ ပျက်စီး သွားသည့်အတွက် ဆားဈေးများ အဆမတန်တက်သွားသည်ဟု
ဆိုသည်။
ယခင်
ဆားဈေးထက် (၆) ဆကျော် မြင့်တက်သွားသည်ဖြစ်ကြောင်း ရန်ကုန်မြို့မှ
အိမ်ရှင်မ တဦးက ပြောဆိုခြင်းဖြစ်သည်။
“အရင်က
ဆားတပိဿာကို (၂၀၀) ဘဲပေးရတယ်၊ အခု(၁,၃၀၀) ဖြစ်နေတယ်၊
မုန်တိုင်းဖြစ်ပြီး အဲလိုတွေ တက်သွားတာ၊ ဆားတခုတည်းတော့ မဟုတ်ဘူး
အစစအရာရာ အကုန်ဈေးတက် ကုန်တာ” ဟုပြောသည်။
မုန်တိုင်းဒဏ်ကြောင့် အစိုးရပိုင်ဆားကွင်း ဧက (၁,၀၀၀)ကျော်
ပျက်စီးခဲ့ပြီး ပုဂ္ဂလိကပိုင် ဆားကွင်း (၂၃,၄၃၀) ဧကခန့်
ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ယခင်က ဆားတပိဿာလျှင် (၁၀၀) ကျပ်ဖြစ်ပြီး ယခုအခါ
(၄၀၀) ကျပ်ဖြင့် ပေးဝယ်နေရသည့်အပြင် ရရှိရန်ပင် ရှားပါးနေလျှက်ရှိသည်ဟု
ဆိုသည်။
မုန်တိုင်းတိုက်ခက်ပြီးနောက်ပိုင်း ကုန်ဈေးနှုန်းများ အဆမတန်
မြှင့်တက်သွားသည့်အပြင် အလုပ်ကိုင်ရှားပါးမှု ပြဿနာမှာလည်း
ပိုမိုဆိုးရွားလာသည်ဟု ဆိုသည်။
“လယ်သမားတွေလည်း လယ်တွေပျက်သွားတော့ ဘယ်က ဘယ်လိုပြန်စရမယ်မှန်းမသိတော့
ဘူး၊ ဆားကွင်းတွေရော အကုန်ပျက်၊ အားလုံး အလုပ်လက်မဲ့တွေဖြစ်နေတယ်လေ၊
ဆားကွင်း ပျက်တော့ အလုပ်မရှိ၊ ငါးဖမ်းလှေတွေ ပျက်စီးသွားတော့
အလုပ်တွေမရှိ အဲလိုဖြစ်နေကြတာ” ဟု လပွတ္တာမြို့ခံတဦးက ပြောသည်။
ထို့အပြင်
ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များ
ဦးဆောင်၍ငါးမွေးမြူရေး လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများကို
ပြန်လည်လုပ်ကိုင်နိုင်ရန် ငါးလုပ်ငန်းများ ပြည်လည်တည် ဆောက်ရေး
ကြီးကြပ်မှုကော်မတီကို ဇွန်လ (၂၆) ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းလိုက်သည်။ |