|
ရာသီဥတုကြောင့်
ကယ်ဆယ်ရေးလုပ်ငန်းများနှောင့်နှေး လပွတ္တာမြို့ကို နေရာသစ်သို့
ပြောင်းရွေ့မည်
ဉာဏ်မောင်။
ဇွန် ၁၈၊ ၂၀၀၈
နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ
ပို့ဆောင်ပေးနေရာတွင် ရာသီဥတု အခက်အခဲများနှင့် ကြုံတွေ့နေပြီး
လုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေလျှက် ရှိ သည်။
ကုလသမဂ္ဂ
ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပျက်စီးသွားသော စာသင်ကျောင်းများ
အတွက် လိုအပ်သည့်ပစ္စည်းများ လိုက်လံပေးဝေမှုများ ပြုလုပ်နေရာတွင်
မိုးသည်းထန်စွာ ရွာသွန်းပြီး ရွံ့နွံများထူထပ်နေသဖြင့်
သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲများနှင့် ကြုံတွေ့ နေရခြင်း ဖြစ်သည်။ s
မုန်တိုင်းဒဏ်ပြင်းထန်စွာခံရသည့်ဒေသများသို့ ဖြန့်ဖြူးရာတွင်
ရဟတ်ယာဉ်မောင်းသမားများနှင့် ကယ်ဆယ်ရေးလုပ်သားများသည် မြေပုံပေါ်တွင်
အသေးစိတ်နေရာမှန်ကို သိရဖို့အတွက် ဒေသခံရွာသားများအကူညီဖြင့်သာ
လုပ်ဆောင်နေရသည်။
ဧရာဝတီတိုင်းအတွင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများတွင်
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က ယာယီတဲတန်းလျား အလုံး (၈၀) ကျော်ကို
ကျောင်းများအဖြစ် တည်ဆောက်ပေးထားသည့် အတွက် ကျောင်းသားပေါင်း (၆,၀၀၀)
ခန့် စာသင်ကြားမှုများ ပြုလုပ်နိုင်မည်ဟု ဆိုသည်။
လပွတ္တာမြိ့နယ်တွင် (UNICEF) အဖွဲ့မှ ပြီးခဲ့သည့် မေလမှစတင်၍
ပင်လယ်ကမ်းခြေမှရွာပေါင်း (၅၀၀) ကျော်သို့ ကယ်ဆယ်ရေးပစ္စည်းများ
ဖြန့်ဝေပြီးဖြစ်သည်ဟုဆိုသည်။
ထို့အပြင်
မုန်တိုင်းဒဏ်သင့်လပွတ္တာမြို့နယ်ကို နေရာသစ်သို့ပြောင်းရွေ့ရန်
အစီအစဉ်ရှိကြောင်း ယနေ့ထုတ် (7- Day News) ဂျာနယ်တွင် ဖော်ပြထားသည်။
အဆိုပါမြို့သစ်တွင် ကျောင်းများ၊ ဆေးရုံများ၊
ရုံးများဆောက်လုပ်မည်ဖြစ်ပြီး မိဘမဲ့ကလေးများ ဂေဟာကိုလည်း
စာသင်ကျောင်းများအနီးတွင် တည်ဆောက်မည်ဟု ဖော်ပြထားသော်လည်း
မည်သည့်နေရာတွင် မြို့သစ်တည်ဆောက်မည်ကို ဖော်ပြထားခြင်း မရှိပေ။
ယင်းကဲ့သို့
မြို့သစ်တည်ဆောက်သော်လည်း ယခင်ဒေသခံများကိုမူ ၎င်းတို့၏ ဆန္ဒအတိုင်း
နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် လပွတ္တာမြို့မှ ဒုက္ခသည်
သုံးသောင်းကျော်သည် နေထိုင်ရန် အိမ်များမရှိတော့သည့်အတွက်
အခြားဒေသများသို့ ပြောင်းရွေ့သွားကြကြောင်းကိုလည်း အဆိုပါဂျာနယ်တွင်
ဆက်လက်ဖော်ပြထားသည်။
လပွတ္တာမြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ရပ်ကွက်ပေါင်း (၆၃)
ရပ်ကွက်နှင့် ရွာများအားလုံးနီး ပါး ပျက်စီးသွားပြီး
ကုလသမဂ္ဂစာရင်းများအရ မြစ်ဝကျွန်းပေါ်ဒေသတခုတည်းတွင်
လူပေါင်း(၇၇,၀၀၀)ကျော် သေဆုံး၍ (၅၅,၀၀၀) ကျော် ပျောက်ဆုံးကာ လူ
(၆၀၀,၀၀၀) ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်ဟု ဆိုသည်။ |