|
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင်
အဖွဲ့ချုပ်ဝင်များရိုက်နှက်ဖမ်းဆီးခြင်းခံရ
ဖြိုးကြီး။
ဇွန် ၁၉၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၃) နှစ်မြောက်
မွေးနေ့တွင် ဆန္ဒပြ တောင်းဆိုသူများ ယနေ့ ရိုက်နှက်ဖမ်းဆီးခြင်းခံရသည်။
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီရုံးချုပ်ရှေ့တွင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုသူများကို
ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များက ဝင်ရောက် ရိုက်နှက်ပြီး
လူတချို့ကိုဖမ်းဆီးသွားကြောင်း မျက်မြင်များကပြောသည်။
မျက်မြင်တဦးက “ရုံးချုပ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို
ချက်ချင်းလွှတ်ဆိုပြီး တောင်းဆိုနေ တုန်း
စစ်ကားလေးငါးခြောက်စီးလောက်ရောက်လာပြီး အော်ဟစ်တောင်းဆိုနေတဲ့သူတွေကို
ဝင်ရိုက်တာ၊ တချို့ကို ဖမ်းပြီးကားပေါ်တင်သွားတယ်” ဟုပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၃၀) ခန့်ကို
ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရ ကြောင်းနှင့်
အချို့မှာရုံးအတွင်းသို့ ဝင်ပြေးသွားကြောင်း ၎င်းကပြောသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
မွေးနေ့အထိမ်းအမှတ်အဖြစ် အဖွဲ့ချုပ် ရုံးအပြင်ဘက်တွင်
နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆို၍ ငှက် (၆၃)
ကောင်ကို လွှတ်ပေးလိုက်သည်ဟု အဆိုပါ မျက်မြင်ကပြောသည်။
စစ်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် (၅) နှစ်
သက်တမ်းပြည့် သော်လည်း လွှတ်ပေးခြင်းမရှိဘဲ မေလ (၂၇) ရက်နေ့တွင်
တနှစ်ထပ်တိုးလိုက်ကြောင်း ကြေညာလိုက်ပြီး နေအိမ်ကို
တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထား၍ ဧည့်သည်များ လာရောက်ခွင့်ကိုလည်း
ကန့်သတ်ထားသည်။
နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်
တောင်းဆိုမှု များ ပြုလုပ်နေသော်လည်း စစ်အစိုးရအာဏာပိုင်များဘက်မှ
တစုံတရာတုန့်ပြန်မှုများမရှိသည့် အပြင်
လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေလျှက်ရှိသည်။ |