|
ဆန္ဒခံယူပွဲရလဒ်အား အယုံအကြည်မရှိဟု
တိုင်းရင်းသားမဟာမိတ်အဖွဲ့က ပြောဆို
ဗထူး။
ဇွန် ၅၊ ၂၀၀၈
စစ်အစိုးရပြုလုပ်ခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲသည် နည်းမျိုးစုံဖြင့်
အကြပ်ကိုင်ဆောင်ရွက်ခဲ့ သဖြင့် အဆိုပါရလဒ်အား အယုံအကြည်မရှိကြောင်း
စည်းလုံးညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့(UNA) က
သဘောထားထုတ်ပြန်လိုက်သည်။
ဆန္ဒမဲပေးသူ၏
(၉၂.၄၈) ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းပုံအားအတည်ပြုသည်ဟု စစ်အစိုးရ
ခေါင်းဆောင်က ကြေညာခဲ့ပြီးနောက် တိုင်းရင်းသားပါတီများက ယခုလ (၂)
ရက်နေ့က သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
(UNA) သည်
၁၉၉၀ ပြည့်နှစ် မေလရွေးကောက်ပွဲတွင် တရားဝင် နိုင်ငံရေးပါတီမှတ်ပုံတင်ကာ
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တိုင်းရင်းသားပါတီ (၁၂)
ပါတီဖြင့် ဖွဲ့စည်းထားသည့် အင်အားကြီးမားသည့်
တိုင်းရင်းသားမဟာမိတ်အဖွဲ့ ဖြစ်သည်။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် အသက်ပေါင်းများစွာ သေကျေခဲ့ပြီး
ပြည်သူအများအိုးမဲ့အိမ်မဲ့ ဖြစ်ကာ တနိုင်ငံလုံး
ဝမ်းနည်းပူဆွေးနေသည့်အချိန်တွင်
စစ်အစိုးရက ပြည်သူလူထုအရေးကို လျစ်လျူရှုကာ ဒီမိုကရေစီအနှစ်သာရကင်းမဲ့၍
၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပေဒေကို
အတည်ပြုရန်ကြိုးစားခဲ့သည်ဟု (UNA) ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
စစ်အစိုးရ
ရုပ်သေရုပ်များဖြစ်သည့် ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊
ကြံ့ဖွံ့နှင့် စွမ်းအားရှင်ဆိုသူများက ရိုးသားနားမလည်သော ပြည်သူအား
ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊
ဲိုဲဖြားယောင်းသွေးဆောင်ခြင်းအပြင်
မဲရုံတာဝန်ရှိသူများက မသာမာသောနည်းဖြင့် ထောက်ခံမဲ ရယူခြင်းတို့ကြောင့်
ပြီးစီးသွားသည့် ဆန္ဒခံယူပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း
ရှုမြင်သည်ဟု ကြေညာချက်တွင် ရေးသားထားသည်။
အဆိုပါကောက်ကျစ်မှုများကို သိရှိသည့် နိုင်ငံတဝှမ်းရှိ ပြည်သူများက
တိကျခိုင်လုံသော အထောက်အထား ထွက်ဆိုချက်များကို ဖော်ပြလာကြပြီး
နိုင်ငံတကာမှသိရှိရန် ကုလသမဂ္ဂသို့ နေ့စဉ်မပြတ် တင်ပြနေပြီဟုဆိုသည်။
ထို့ကြောင့်
အစိုးရပြုလုပ်ကြေညာခဲ့သည့် ဆန္ဒခံယူပွဲအား လုံးဝအယုံအကြည်မရှိကြောင်း
ပြောဆိုပြီး ပြည်သူများအနေဖြင့် ခိုင်လုံမှန်ကန်တိကျသော
ထွက်ဆိုချက်အထောက်အထားများ ဆက်လက် ဖော်ထုတ်သွားကြရန် (UNA)
သဘောထားထုတ်ပြန်ချက်နိဂုံးတွင် တိုက်တွန်း ထားသည်။ |