|
ချွန်ဖွန်ပါနမ်တွင် မြန်မာအမျိုးသမီးတဦး အဓမ္မပြုကျင့်၍ အသတ်ခံရ
ရိုးမ ၃။
ဇွန် ၂၁၊ ၂၀၀၈

ထိုင်းနိုင်ငံ၊ ချွန်ဖွန်မြို့ရှိ ပါနမ်(ငါးလုပ်ငန်းနေရာ)ရပ်တွင်
အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမတဦး ယမန်နေ့က အဓမ္မပြုကျင့်ပြီး
အသတ်ခံရသည်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊
ပန်းဒတ်အင်းကျေးရွာတွင် နေထိုင်သူ မသန်းညွန့် အသက် (၅၄) အား
ချွန်ဖွန်မြို့၊ ပါနမ်ရပ်ရှိ ချောင်းကမ်းစပ်၌ လည်ပင်းတွင် ကြိုး
ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ဒေသခံများက တွေ့ရှိခဲ့သည်။
မသန်းညွန့်သည် ချွန်ဖွန်မြို့၊ ပါနမ်ရပ်၊ မွန်တန်းလျားတွင်နေထိုင်ပြီး
ပြီးခဲ့သည့် ကြသပတေးနေ့ ည၌ မြန်မာပြည်တွင်းရှိ ခင်ပွန်းထံမှ
တယ်လီဖုန်းလာသည်ဟု ပြောဆိုကာ မိတ်ဆွေတဦးက သူမအား
လာရောက်ခေါ်ဆောင်သွားပြီးနောက် ယခုကဲ့သို့ အသတ်ခံရခြင်းဖြစ်သည်။
“အဲဒီညက (၈) နာရီခွဲလောက်မှာ သူတို့အိမ်ကို သူတို့ရွာသားတယောက် လာတယ်၊
သူ့ ယောင်္ကျားက ရွာကနေ ဖုန်းဆက်လာတယ်ဆိုပြီး ပြောတယ်၊ သူက
မိုးလင်းမှသွားမယ် မှောင် နေတယ်ဆိုပြီး ပြောသေးတယ်၊ အဲဒါကို မရဘူး၊
ခင်ဗျားယောင်္ကျား အသည်းအသန်ဖြစ်နေတယ် ဆိုပြီးပြောလို့ ပါသွားတယ်၊
သမီးကိုလည်း အဖေအသည်းအသန်ဖြစ်နေလို့ တွေ့ချင်တယ်ဆိုပြီး ခေါ်သေးတယ်၊
မှောင်နေလို့ သမီးကတော့ လိုက်မသွားဖြစ်ဘူး”ဟု အိမ်နီးချင်းတဦးက ပြော
သည်။
ထိုကဲ့သို့ လာရောက်ခေါ်ဆောင်သူမှာ သေဆုံးသူ မသန်းညွန့်နှင့်
မြန်မာနိုင်ငံ၌ တရွာတည်း နေထိုင်သူ မောင်လွင်ဆိုသူဖြစ်ပြီး
လာရောက်ခေါ်ဆောင်စဉ် အဖော်ဖြစ်သူတဦးလည်း ဆိုင်ကယ်ဖြင့်ပါလာကြောင်း ၎င်းက
ဆက်ပြောသည်။
“ည (၁၂) နာရီလောက်ထိ ပြန်မရောက်တော့ သမီးနဲ့ တူမရယ်၊
အိမ်နီးချင်းတွေရယ်က စိတ်ပူပြီး လိုက်ရှာတာ၊ လာခေါ်ခိုင်းတဲ့သူကလည်း
နာမည်နဲ့တကွ မစန်းအေးအိမ်က လာခေါ်တယ်ဆို တော့ သွားမေးတော့
မလာဘူးလို့ပြောလို့ သူတို့တွေက စိတ်တမျိုးဖြစ်သွားပြီး ပြန်လာကြတာ၊
နောက်မနက်ကျမှ ဒီကမြန်မာတွေက အလောင်းကိုတွေ့တော့ ရဲစခန်းကို
အကြောင်းကြားလိုက် တာ”ဟု အဆိုပါကိစ္စကို လိုက်လံကူညီပေးနေသူတဦးက
ပြောသည်။
မသန်းညွန့်အသတ်ခံရမှုကို ကာယကံရှင်များဘက်မှ တိုင်ကြားမှုမရှိသေးသော်လည်း
ထိုင်းရဲ တပ်ဖွဲ့က သူမ၏အလောင်းအား ဆေးရုံပို့၍ ဆေးစစ်ချက်ယူရာ
မုဒိမ်းကျင့်ခံရပြီး လည်ပင်းကို သံကြိုးဖြင့်ချည်နှောင်ကာ
အသတ် ခံရခြင်းဖြစ်သည်ဟု ပြောသည်။
“အခုလိုဖြစ်တော့ သူ့သမီးရော တူမပါ တော်တော်ကြောက်နေတယ်၊ သူ့ယောင်္ကျားကလဲ
မြန်မာ ပြည်မှာဆိုတော့ ဘယ်လိုဆက်သွယ်ရမယ်ဆိုတာလဲ မသိဘူး၊ ဖုန်းနံပါတ်လဲ
မသိဘူး၊ ကလေး တွေက ကြောက်နေတော့ ဘယ်မှလဲ မတိုင်ရဲဘူးလေ၊ ဒီဘက်မှာက
လူတွေကလဲ စုံတယ်၊ တိုင်တန်းဖို့လည်း တော်တော်ခက်တယ်”ဟု ၎င်းက
ဆက်လက်ပြောသည်။
ထိုင်းရဲတပ်ဖွဲ့အာဏာပိုင်များက မသင်္ကာသူအယောက် ၃၀ခန့်ကို ယမန်နေ့က
ဖမ်းဆီးစစ်ဆေး ကာ ပြန်လွှတ်လိုက်ပြီး မောင်လွင်ကိုမူ ရဲစခန်းတွင်
ဆက်လက်ဖမ်းဆီးထားပြီး စစ်ဆေးနေ လျှက်ရှိသည်။
မောင်လွင်သည် မြန်မာနိုင်ငံတွင်း၌ နေထိုင်စဉ်က တရွာတည်းနေ
အမျိုးသမီးတဦးအား အဓမ္မ ပြုကျင့်ခဲ့သည့်အပြင် လွန်ခဲ့သည့် ၂ နှစ်ခန့်က
ချွန်ဖွန်ပါနမ်တွင် (၁၄) နှစ်အရွယ် မိန်းကလေး ငယ်တဦးကိုလည်း
ယခုကဲ့သို့ အဓမ္မပြုကျင့်၍ သတ်ခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။
ထိုင်းနိုင်ငံ၊ ချွန်ဖွန်ဒေသတွင် စီးပွားရေးအဖြစ် ငါးလုပ်ငန်းကို
အဓိကလုပ်ကိုင်ပြီး အလုပ်သမား များမှာ မြန်မာပြည်မှလာရောက်သည့် ထားဝယ်၊
မွန်နှင့် ရခိုင်လူမျိုး အများစုဖြစ်ပြီး ယခုကဲ့သို့ လူသတ်မှုများ
မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။ |