|
အမျိုးသားရေးအကြပ်အတည်းနှင့်
တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ပြည်သူ့လွှတ်တော်ခေါ်ပေးရန်
(NLD)ပါတီတောင်းဆို
ဗထူး။ ဇွန်
၂၀၊ ၂၀၀၈
နာဂစ်မုန်တိုင်းဖြစ်ပွားပြီးနောက် တည်ရှိနေသည့် တိုင်းပြည်၏
အမျိုးသားရေးအကြပ်အတည်း ကို ဖြေရှင်းရန်အတွက် ပြည်သူ့လွှတ်တော်ခေါ်ပေးရန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ယခုလ (၁၈) ရက်နေ့တွင်
စစ်အစိုးရအား အကြံပြုတောင်းဆိုလိုက်သည်။
လူဦးရေသိန်းချီသေဆုံးပြီး မုန်းတိုင်းသင့်ပြည်သူများ၏
ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံး နေခြင်းကို နိုင်ငံတကာမှ
ကျွမ်းကျင်သူများနှင့်ပူးပေါင်းကာ အမြန်ဆုံး ဖြေရှင်းရန်လိုအပ်ပြီး
အဆိုပါကိစ္စအား တဦးတယောက် (သို့မဟုတ်) တိုင်းပြည်တပြည်နှင့်
ဖြေရှင်း၍မရနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငွေကြေးဖောင်းပွ၍ အခြေခံစားကုန်များ ဈေးနှုန်းအဆမတန်မြင့်တက်နေသည့်
စီးပွားရေး နယ်ပယ်တခုလုံး ဆိုးကျိုးသက်ရောက်နေခြင်းမှာ
နိုင်ငံရေးပြဿနာဖြစ်သည့်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို
တည်ဆောက်ကာ ဖြေရှင်းရန် ဆက်လက်တောင်းဆို ထားသည်။
မကြာသေးမီက
စစ်အစိုးရ အတည်ပြုသည်ဆိုသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဖွဲ့စည်းပုံ
မှာလည်း ဆန္ဒခံယူပွဲ ဥပဒေ၊ နည်းဥပေဒေများနှင့်အညီ
ဆောင်ရွက်ခဲ့ခြင်းမဟုတ်သည့်အတွက် (NLD)ပါတီအနေဖြင့်
(လုံးဝ)လက်မခံနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့်
ဖြစ်ပေါ်နေသည့် အမျိုးသားရေးဆိုင်ရာအကြပ်အတည်းကို ဖြေရှင်းရန်အတွက်
စစ်အစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်
ဒီမိုကရေစီအင်အားစုများပါဝင်သည့် သုံးပွင့်ဆိုင်
အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရန်လိုသည်ဟု ဆိုသည်။
ဆက်လက်၍
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဥပေဒေမှာ ယခုတိုင် တရားဝင်မှုရှိသဖြင့် ဖြစ်ပေါ်
နေသည့် အမျိုးသားရေးဆိုင်ရာ အကြပ်အတည်းကို ကူညီဖြေရှင်းနိုင်ရန်အတွက်
စစ်အစိုးရ အနေဖြင့် ဥပဒေပုဒ်မ (၃) အရ ပြည်သူ့လွှတ်တော်ကို
အမြန်ခေါ်ယူဖွဲ့စည်းပေးရန် လေးနက်စွာ ထပ်မံတောင်းဆိုလိုက်သည်ဟု
ပါရှိသည်။ |