Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကျေးရွာများပြောင်းရွှေ့ပေးရန် သစ်တောဦးစီးဌာနက တောင်းဆို 

ဖြိုးကြီး။ ဇွန် ၂၄၊ ၂၀၀၈ 

နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများမှ ကျေးရွာများကို ပြောင်းရွှေ့ပေးရန် သက်ဆိုင်ရာ ကျေးရွာ ဥက္ကဋ္ဌများထံ တရားဝင် ညွှန်ကြားစာများထုတ်ပေးရန် မြို့နယ်သစ်တောဦးစီးဌာနက တောင်းဆို တင်ပြခဲ့သည်။ 

ဘိုကလေးမြို့နယ်အတွင်းရှိ ကဒုံကနိသစ်တောကြိုးဝိုင်း (၃၁) ကွက်အတွင်းမှ ကျေးရွာများအား ချက်ချင်း ပြောင်းရွှေ့ပေးရန်အတွက် မြို့နယ်သစ်တောဦးစီးအရာရှိ ဦးကံထွန်းက လက်မှတ်ရေး ထိုး၍ ယခုလ (၁၇) ရက်နေ့စွဲဖြင့် တိုင်းသစ်တောဦးစီးဌာနသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ 

သဘာဝဘေးအန္တရာယ်များ၊ လေပြင်းမုန်တိုင်းဒဏ်တို့မှ ကာကွယ်ရန်အတွက် ထိန်းသိမ်း ကာကွယ်သည့် သစ်တောဧရိယာများအား တိုးချဲ့ရန်နှင့် ထိရောက်စွာ ထိန်းသိမ်းကာကွယ်သွား ရန် သစ်တောရေးရာဝန်ကြီးမှ (၁၅၊ ၆၊ ၂၀၀၈) ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည့်အတွက် ယခု ကဲ့သို့ ပြောင်းရွှေ့ပေးရန် တင်ပြခြင်းဖြစ်ကြောင်း အဆိုပါစာတွင် ရေးသားဖော်ပြထားသည်။ 

၎င်းသစ်တောကြိုးဝိုင်းဧရိယာအတွင်း ပါဝင်သည့် ရွာပေါင်း ၃၀ ခန့် ပြောင်းရွှေ့ပေးရမည်ဖြစ်ပြီး ယခုချိန်ထိ ရွာသားများကို တရားဝင် အကြောင်းကြားခြင်း မရှိသေးကြောင်းနှင့် စပါးစိုက်ပျိုး သည့် လယ်မြေဧရိယာ ၅၀၉၁၃ ဧကကျော်ခန့်ရှိကြောင်း ရွာသားတဦးက ပြောသည်။ 

“အရင်တုန်းက သစ်တောရယ်၊ မြေစာရင်းရယ် သက်ဆိုင်ရာ အာဏာပိုင်တွေက ချပေးထားလို့ ကျနော်တို့ လယ်ယာမြေအဖြစ်လုပ်ပြီးတော့ နောက်ပိုင်းမှာ ဒီကုန်သွယ်လယ်ယာက စပါးဝင် ဝယ်တယ်၊ အခု ကျနော်တို့ ရှုပ်ထွေးနေတာက သစ်တောမြေဆိုရင် ကျနော်တို့က လယ်စိုက်စရာ အကြောင်းမရှိဘူး၊ အဲမှာဖြစ်နေတာက ကျနော်တို့ဆီမှာက ပြေစာတွေမရသေးဘူး”ဟု ပြော သည်။ 

ထို့ကဲ့သို့ ပြောင်းရွှေ့ပေးရမည့်ရွာများမှာ မုဆိုးမ၊ မြင်းစီးချောင်း၊ ကန့်မလာ၊ ထိပ်ချောင်း၊ ပွတ်လုံးတိုင်၊ ခိုင်ရွှေဝါ၊ တလျှော်ချောင်း၊ မုန်တိုင်းကြီး၊ စက်ဆိပ်၊ ဒညင်းဖြူ၊ မုန်တိုင်းလေး၊ သဲဖြူ၊ လျှော်ချောင်း၊ ဇီးဖြူ၊ ဘောဂ၀တီ၊ ချောင်းဗြဲကြီး၊ ကန်ဆိပ်၊ မီးလောင်ကွင်း၊ ဂွေးချောင်း၊ မရမ်း၊ မရပ်ပြင်၊ ပုတ်သင်၊ ဘဒဲကော၊ ဘဒဲကောအပြင်၊ ပုတ်ချောင်းကျေးရွာများ ပါဝင်သည်။ 

ယင်းကဲ့သို့ ကျေးရွာများပြောင်းရွှေ့ရန် လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ “ဒီကိစ္စမှာက ထူးထရေးဒင်းနဲ့ ပူးပေါင်းလုပ်တယ်လို့ ထင်တယ်၊ ၂၀၀၈ မေလလောက်က ငွေဆောင်ဘက်မှာ အဲလိုသိမ်းခဲ့တာတွေ ရှိတယ်လေ”ဟု  ဆက်လက်ပြောသည်။ 

ထို့အပြင် ဘိုကလေးမြို့နယ်အတွင်း ကျေးရွာများသို့ပေးပို့မည့် လယ်ယာသုံးစက်ပစ္စည်းများကို မြို့ပေါ်ရှိ သက်ဆိုင်ရာအာဏာပိုင်များက ယနေ့ထိ ထုတ်ပေးခြင်းမရှိသေးကြောင်း ရွာသား တဦးက ဆက်လက်ပြောဆိုခဲ့သည်။

စစ်အစိုးရက မုန်တိုင်းတိုက်ခတ်ပြီး တပတ်အတွင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံး၍ ပြန်လည်တည်ထောင်ရေးလုပ်ငန်းကို ရောက်ရှိနေသည်ဟုဆိုကာ စစ်ဗိုလ်ချုပ်များပိုင် ကုမ္ပဏီ များစွာကို အဆိုပါဒေသတွင်း လုပ်ကိုင်ရန် ခွဲတမ်းချမှတ်ပေးခဲ့သည်။ 

ဧရာဝတီတိုင်းအတွင်းရှိ လယ်ယာမြေများမှာ ယခင်ကလည်း နည်းအမျိုးမျိုးဖြင့်အကြောင်းပြကာ အဓမ္မသိမ်းဆည်းမှုများရှိခဲ့ရာ မုန်တိုင်းဒဏ်ကြောင့် လက်ယာသုံးနှင့် မျိုးစပါးများမရှိတော့၍ လယ် မလုပ်နိုင်သူများပြားနေသည်ကို အခွင့်ကောင်းယူကာ လယ်ယာမြေအမြောက်အမြားကို သဘာဝ ပတ်ဝန်းကျင်အန္တရာယ်ကို အကြောင်းပြ၍ သိမ်းဆည်းမှုများ စတင်ပြုလုပ်နေပြီး စစ်အစိုးရက ၎င်းတို့နှင့်နီးစပ်သည့် ကုမ္ပဏီကြီးများဖြင့် လက်ဝါးကြီးအုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။ 

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com