|
ကယ်ဆယ်ရေးလုပ်ရန် သင်တန်းပေးဖို့ စီစဉ်နေဆဲ
ဉာဏ်မောင်။
ဇွန် ၃၊ ၂၀၀၈
နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသည့်ဒေသများတွင်
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရန် စစ်အစိုးရဌာနများရှိ
အရာရှိများကို သင်တန်းပေးရန် စီစဉ်နေသည်ဟု ယနေ့ထုတ်
စစ်အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
နိုင်ငံတကာမှ လေဘေးသင့်ဒုက္ခသည်များထံ လိုအပ်သည့်အကူအညီများ လုံလောက်စွာ
မရောက်ရှိသေးသဖြင့် နောက်ဆက်တွဲ အဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ဟု
သတိပေးနေစဉ် စစ်အစိုးရသတင်းစာကမူ ယခုကဲ့သို့ ရေးသားထားခြင်းဖြစ်သည်။
ကုလသမဂ္ဂ၊
အာစီယံနှင့် မြန်မာစစ်အစိုးရတို့ သုံးပွင့်ဆိုင်ပူးပေါင်းကာ
ဆိုက်ကလုန်းမုန်တိုင်း ကြောင့် ပျက်စီးသွားသော ဒေသများတွင်
ပြန်လည်တည်ဆောက်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို
လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးရသတင်းစာတွင် ဖော်ပြ
ထားသည်။
အဆိုပါ
သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် စစ်အစိုးရနိုင်ငံခြားရေး
ဒုဝန်ကြီး ဦးကျော်သူက မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ဥက္ကဌအဖြစ်
ပါဝင်ဆောင်ရွက်မည်ဟု ဆိုသည်။
ယမန်နေ့က
ဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူ၊ (၁၈)
နိုင်ငံအစိုးရဝန်ကြီးဌာနများ၏ ကိုယ်စား လှယ်များ၊
အာစီယံကိုယ်စားလှယ်များ၊ UNDP ဌာနေကိုယ်စားလှယ်နှင့်
မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူနိုင်ငံသံအမတ်ကြီး မစ္စတာ ရောဘတ်ချောင်တို့
ပါဝင်ကာ ရန်ကုန်မြို့တွင် အစည်းအဝေး တရပ် ကျင်းပခဲ့သည်။
လွန်ခဲ့သည့်လက အဆိုပါသုံးပွင့်ဆိုင်လုပ်ငန်းအုပ်စုကို နိုင်ငံတကာ
အရေးပေါ်ညီလာခံမှ ချမှတ် ခဲ့သော မြန်မာနိုင်ငံ ဆိုက်ကလုန်းဒဏ်
ခံနေရသည့်ဒေသများသို့ နိုင်ငံတကာကယ်ဆယ်ရေး ပစ္စည်းများ
စီးဆင်းမှုစောင့်ကြည့်ရန်၊ အပြည့်အဝ ရရှိစေရေးနှင့် အတူတကွ ပူးပေါင်း
ဆောင်ရွက်ရေး လုပ်ငန်းစဉ်အရ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံပေါင်း (၅၁) နိုင်ငံမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်း
(၂၄) ဖွဲ့မှ ကိုယ်စားလှယ် များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် အဆိုပါ နိုင်ငံတကာကွန်ဖရင့်မှ
ဆိုက်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံတွင် ဒုက္ခသည်များ
အတွက် အကူအညီများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ
တည်ဆောက်ရန်အတွက် နိုင်ငံတကာမှ ငွေကြေးအကူအညီများကို ပိုမိုရှာဖွေရန်
ချမှတ်ခဲ့သည်။
နာဂစ်ဆိုက်ကလုံးမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင်
ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၀.၆၇ ဘီလီယံခန့်ရှိပြီး
လူဦးရေ (၅.၅) သန်းခန့် အစာရေစာငတ်မွတ်မှုနှင့် အိုးမဲ့အိမ်မဲ့ ဒုက္ခများ
ခံစားရလျှက်ရှိသည်ဟု စစ်အစိုးရမီဒီယာက ဆိုသည်။
မြန်မာနိုင်ငံအရပ်ရပ်မှ လေဘေးသင့်ဒုက္ခသည်များအတွက်
အကူအညီများပေးပို့မှုမှာလည်း ရေရှည်ဆောင်ရွက်နိုင်ရေးမှာ
မဖြစ်နိုင်ကြောင်း အကူအညီပေးနေသူ ပြည်တွင်းအလှူရှင်များ က
ပြောဆိုနေသည့်နည်းတူ ယနေ့အချိန်အထိ
ဒုက္ခသည်ကူညီစောင့်ရှောက်နိုင်ရေးလုပ်ငန်း များကိုလည်း စစ်အစိုးရက
လမ်းဖွင့်ထားသည်ဆိုသော်လည်း နှောင့်ယှက်ဟန့်တားမှုများ နေရာအနှံ့
ဖြစ်ပေါ်နေသည်။
ဆိုက်ကလုန်းလေဘေးသင့်ပြည်သူများအတွက် လတ်တလောတွင် အစားအစာထောက်ပံ့ရေး
ရံပုံငွေမှာ လိုငွေပြနေပြီး အလှူငွေများ ထပ်မံမရရှိပါက
လာမည့်ဇူလိုင်လတွင် အစားအစာ ပြတ်လပ်သွားမည်ဟု
ကမ္ဘာ့စားနပ်ရိဏ္ခာအစီအစဉ်(WFP)က သတိပေးပြောကြားထားသည်။ |