|
စစ်ဖွဲ့စည်းပုံအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ်
အသိအမှတ်မပြုကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်
ရိုးမ ၃။
ဇွန် ၄၊ ၂၀၀၈
လူထုဆန္ဒခံယူပွဲပြုလုပ်ကာ အတည်ပြုခဲ့သည့် နအဖစစ်အစိုးရ၏
စစ်ဖွဲ့စည်းပုံအား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ်
အသိအမှတ်မပြု၊ လက်မခံကြောင်း ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
တဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား စစ်အစိုးရက ဆန္ဒမဲပေးသူ၏
(၉၂.၄၈) ရာနှုန်းက ထောက်ခံသည့်အတွက် အတည်ပြုကြောင်း ကြေညာခဲ့ပြီးနောက်
မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈
မျိုးဆက်ကျောင်းသားများနှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့က ယနေ့နေ့စွဲဖြင့်
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယခုအတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ရွေးကောက်ခံ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိခြင်း၊
ပြည်သူလူထုလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ပိတ်ပင်ထား ခြင်း၊
တိုင်းရင်းသားများ၏ ဆွေးနွေးတင်ပြချက်များကို
လျစ်လျူရှုပစ်ပယ်ထားခြင်းကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ်
အသိအမှတ်မပြုကြောင်း ကြေညာချက်က ဆိုသည်။
စစ်အစိုးရရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမူကြမ်းသည်
ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများကို ဆန့်ကျင်လျှက်ရှိပြီး
ပြည်သူလူထုအကျိုးစီးပွားအတွက် အာမခံချက်ပေးထားခြင်း မရှိသည့်အပြင်
စစ်အုပ်စိုးသူလူတန်းစားတရပ်အတွက် တရားဝင် အာဏာနှင့် စည်းစိမ်တည်မြဲ
ရေးအတွက်သာ ရေးဆွဲထားခြင်းဖြစ်ကြောင်း အဆိုပါကြေညာချက်တွင်
ဖော်ပြထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအပိုင်းတွင်လည်း လွတ်လပ်၍
တရားမျှတမှုမရှိသည့် အပြင် ပြည်သူလူထုအား ခြိမ်းခြောက်အကြပ်ကိုင်ပြီး
နည်းပေါင်းစုံဖြင့် အတည်ပြုရန် လုပ်ဆောင်ခဲ့သည့်အတွက် အသိအမှတ်ပြု
လက်ခံနိုင်ခြင်းမရှိကြောင်း ဆက်လက်ဖော်ပြထား သည်။
ယခုအတည်ပြုကြေညာလိုက်သည့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည်
ပစ္စုပ္ပန်လူမှုဘဝ ကို ဒုက္ခရောက်စေပြီး နိုင်ငံ၏အနာဂတ်ကိုပါ
မီးလောင်တိုက်သွင်း ပြာချသွားစေမည်သာ ဖြစ်သည့်အတွက် ဥပဒေအရသော်၎င်း၊
သဘောသဘာဝအရသော်၎င်း အသိအမှတ်ပြုမည် မဟုတ်ဘဲ နိုင်ငံသားတိုင်းအနေဖြင့်
စစ်အစိုးရ၏ဖွဲ့စည်းပုံကို လေးစားလိုက်နာရန်မလိုအပ်ဘဲ
ပြည်ထောင်စုဖွဲ့စည်းပုံတရပ်နှင့် ပြည်သူ့အစိုးရ ပေါ်ပေါက်ရေးသာ
အမျိုးသားရေးတာဝန်ဖြစ် သည်ဟု တိုက်တွန်းဖော်ပြထားသည်။
အခြေအနေအရပ်ရပ်တိုင်းတွင် ပြည်သူလူထုနှင့်လက်တွဲကာ လူထုအခြေပြု
နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားမှုတိုင်းတွင်
အဆိုပါအဖွဲ့ကြီးသုံးခုအနေဖြင့် အရှိန်အဟုန်မပြတ် ဦးလည်မသုန်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ |