|
ဒုက္ခသည်များကိုမောင်းထုတ်ခဲ့သဖြင့် ကျေးရွာများအရောက်ကူညီရန်
သံဃာတော်များစီစဉ်
ဖြိုးကြီး။
ဇွန် ၄၊ ၂၀၀၈
စစ်အစိုးရက လေဘေးသင့်ဒုက္ခသည်များကို ဘုန်းကြီးကျောင်းများမှ
မောင်းထုတ်ကာ နေရပ်သို့ ပြန်ခိုင်းသဖြင့် ပုဂ္ဂလိကအလှူရှင်များက
ကျေးရွာများအရောက် အကူအညီပေးပစ္စည်းများ ပို့ပေးရန်
စီစဉ်နေလျှက်ရှိသည်။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်မြောက်ကျောင်း
ဘုန်းကြီကျောင်းတွင်ရှိသည့် ဒုက္ခ သည်များကို စစ်အာဏာပိုင်များက
နှင်ထုတ်လိုက်သည့်အတွက် အကူညီပေးမည့်ပစ္စည်းများ ယာယီထားရန်
ကျောင်းဝန်းအတွင်း ဂိုထောင်များဆောက်လုပ်နေလျှက်ရှိကြောင်း
ကျောင်းထိုင် ဆရာတော်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဘုန်းကြီးကျောင်းတွေမှာကတော့ လေဘေးဒုက္ခသည်တွေ မရှိတော့ဘူး၊ သူ့အိမ်သူ
ပြန်ကုန် ကြတယ်၊ ပြန်ကုန်ကြတယ်ဆိုတာက အဆင်ပြေလို့မဟုတ်ဘူး၊
စစ်အာဏာပိုင်တွေက ပြန်လွှတ် တာ၊ နှစ်ရက်သုံးရက်လောက်ရှိသွားပြီ”ဟု
ပြင်ခရိုင်မြောက်ကျောင်းမှ သံဃာတပါးက မိန့်ကြား သည်။
ဒုက္ခသည်များကို ပြန်မလွှတ်မီက ပြင်ခရိုင်မြောက်ကျောင်းတွင် ဒုက္ခသည်
(၁၅၀၀) ခန့်ရှိပြီး AZG နယ်စည်းမခြားဆရာဝန်များအသင်း၊ မြင့်မြတ်အလင်း
ပုသိမ်အဖွဲ့၊ ရတနာ့မေတ္တာအဖွဲ့ များက ဒုက္ခသည်များအတွက်
ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း စစ်အစိုးရဘက်က
တစုံတရာကူညီခြင်းမရှိကြောင်း အဆိုပါကျောင်းမှ ဆရာတော်က ဆက်လက်
မိန့်သည်။
“ကယ်ဆယ်ရေးလုပ်ငန်းဆိုတာက လောလောဆယ် ဒကာတွေနဲ့ ဘုန်းကြီးတို့
လုပ်နေတဲ့အခါ ကျတော့ ဒကာအယောက် (၅၀) လောက်ကို
လုပ်အားပေးခေါ်လုပ်နေရတယ်၊ ကယ်ဆယ်ရေး လုပ်ငန်းမှာ ဘယ်သူတွေက
ဘယ်လောက်ပံ့ပိုးတယ်ဆိုတာ ဒကာကြီးတို့ စဉ်းစားကြည့်ပေါ့၊
အာဏာပိုင်တွေလုပ်ပေးတယ်ဆိုတာ ကြားတော့ကြားတယ် မတွေ့ဘူး၊ စိတ်လည်းမဝင်
စားဘူး”ဟု မိန့်သည်။
ကုလသမဂ္ဂ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် AZG
နယ်စည်းမခြားဆရာဝန်များအသင်းတို့ ပူးပေါင်း၍ အုတ်တွင်းအုပ်စု၊
ဒီးဒိုးကုန်းအုပ်စု၊ ဝက်ကုန်းအုပ်စု၊ သက်ကယ်သောင်အုပ်စု၊
ချောင်းဝအုပ်စုနှင့် ပြင်ခရိုင်အုပ်စုများမှ ဒုက္ခသည်များထံပေးမည့်
ပစ္စည်းများထားရန် ယခုအခါ ပြင်ခရိုင်(မြောက်)ကျောင်းဝန်းအတွင်း
ဂိုထောင်များ ဆောက်လုပ်နေလျှက်ရှိသည်။
ယင်းကဲ့သို့ ဂိုထောင်များဆောက်လုပ်နေခြင်းနှင့်ပတ်သက်၍
ကျောင်းထိုင်ဆရာတော်က “အခု စတိုထားဖို့ လုပ်နေတာကို ဦးဇင်းက
ဒကာတွေနဲ့အတူ လုပ်နေတယ်၊ ပစ္စည်းတွေသိုလှောင်ဖို့ ဆောက်နေတယ်ဆိုတာက
တခြားမဟုတ်ဘူး၊ ဦးဇင်းကျောင်းက သင်္ဘောဆိပ်နဲ့လည်းနီးတော့
ဖြန့်ဝေပေးဖို့အတွက် အဆင်ပြေလို့ လုပ်တာ”ဟု ဆက်လက်မိန့်ဆိုသည်။
ပြင်ခရိုင်၊ ချောင်းဝနှင့် ဝက်ကုန်းအုပ်စုများတွင် စားရင်းများကောက်၍
မိသားစုတစုအတွက် ကျပ်ငွေ (၅၀,၀၀၀) ခန့် တန်ဖိုးရှိသည့် ဆန်(၁၄) ပြည်၊
ပဲ (၃) ပြည်၊ ဆီ (၁) ပိဿာ (၂၀) ကျပ်သား၊ ရေပုံး၊ ခြင်ထောင်၊ မိုးကာဖျင်
ကိုက် (၂၀) ပေးဝေခဲ့ပြီး ကျန်ကျေးရွာအုပ်စုများသို့
ကိုယ်တိုင်သွားရောက်ပေးဝေမည်ဟု တာဝန်ခံသံဃာတပါးက မိန့်သည်။
ပြင်ခရိုင်တွင် ကျေးရွာပေါင်း (၁၉) ရွာရှိပြီး မိသားစု (၂၁၀၀) ရှိရာ
ကျပ်သိန်းတထောင်ကျော်ဖိုး လှူဒါန်းထားပြီး ငပုတောမြို့နယ်ရှိ
အခြားကျေးရွာအုပ်စု (၆) အုပ်စုရှိ ဒုက္ခသည်များအား ကူညီ ရန် AZG
နယ်စည်းမခြားဆရာဝန်များအဖွဲ့က ကျေးရွာလူကြီးများကို
ခေါ်ယူလှူဒါန်းသွားရန် စီစဉ်နေသည်ဟု အဆိုပါသံဃာက
ဆက်လက်မိန့်ဆိုသွားခဲ့သည်။ |