|
ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ
ကျန်းမာရေးစိုးရိမ်ရ
ရိုးမ
၃။ ဇွန် ၆၊ ၂၀၀၈
နာဂစ်မုန်တိုင်းအလွန် အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ
ကျန်းမာရေးအခြေအနေ များ ဆိုးရွားနေလျှက်ရှိပြီး ထိရောက်သည့်
ဆေးဝါးကုသပေးခြင်း မရှိကြောင်းသိရသည်။
အင်းစိန်ထောင်တွင်း အကျဉ်းသားများအခြေအနေများနှင့် ပတ်သက်၍
နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ယနေ့
နေ့စွဲဖြင့် သတင်းထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။
ထောင်အာဏာပိုင်များက နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) မှပေးသည့်
ဆန်များကို (၃) ရက်သာကျွေးခဲ့ပြီးနောက် မုန်တိုင်းတိုက်ခတ်စဉ်က
မိုးရေစိုထားသည့် ဆန်ဟောင်းများကို ကျွေး နေသည့်အတွက် အကျဉ်းသားများမှာ
ကျန်းမာရေးအခြေအနေများ ဆိုးရွားလာပြီး ရောဂါများ
ဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်အစိုးရအာဏာပိုင်များဘက်မှ ထိရောက်သည့်
ဆေးဝါးများကုသပေးခြင်းမရှိသည့်အတွက် ၀မ်းလျောခြင်း၊ ၀မ်းကိုက်ခြင်း၊
မူးဝေအော့အန်ခြင်း၊ ခန္ဓာကိုယ်တွင် အဖုအပိန့်များထွက်ခြင်း၊
အစာအိမ်ရောင်ခြင်း၊ တိုက်ဖိုက်(အူရောင်ငန်းဖျား)ရောဂါများ
ဖြစ်ပွားနေလျှက်ရှိပြီး အထူးသဖြင့် အမျိုးသမီးများ၏ အခြေအနေမှာ
ပိုမိုဆိုးရွားနေသည်။
အဆိုပါ
အခြေအနေများနှင့်ပတ်သက်၍ (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က
“ဒီလိုမကောင်း တဲ့ ဆန်တွေကိုသာ ဆက်ကျွေးနေမယ်ဆိုရင် ဒီအကျဉ်းသားတွေရဲ့
ကျန်းမာရေးဟာ အသက် အန္တရာယ်ကို စိုးရိမ်ရတယ်၊ သက်ဆိုင်ရာက
အချိန်မီဆောင်ရွက်ခြင်း မရှိဘူးဆိုရင် ကူးစက် ရောဂါတွေ
ပြန့်ပွားသွားမှာဖြစ်တယ်” ဟု ပြောသည်။
ထို့အပြင်
စက်တင်ဘာလူထုလှုပ်ရှားမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ (၁၄) ရက်နေ့အတွင်းက
ဖမ်းဆီးခံခဲ့ရသည့် ကိုမျိုးရန်နောင်သိန်းသည် စစ်ကြောရေးတွင်
နှိပ်စက်မှုများကြောင့် ဒဏ်ရာ များအပြင်းအထန် ရရှိထားပြီး
ထောင်တွင်း၌လည်း အာဏာပိုင်များနှင့် မသင့်မမြတ်ဖြစ်ရာမှ
စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသည့်ဟုဆိုကာ အရူးတိုက်သို့ ပို့ထားသဖြင့်
ယခု ထောင်ဝင်စာတွေ့ သည့်အချိန်တွင် အဖော်နှင့်တွဲကာ ထွက်တွေ့နေရသည်။
ထို့အပြင်
အမေရိကန်သံရုံးရှေ့တွင် တကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးအုန်းသန်းကို
အင်းစိန်ထောင်၊ မန္တလေးထောင်၊ ကလေးထောင်တို့မှတဆင့် ငှက်ဖျားပေါသည့်
ခန္တီးထောင်သို့ တသက်တကျွန်းပြစ်ဒဏ်ချမှတ်၍ ပို့ထားသဖြင့် ယခုအခါ
ငှက်ဖျားပိုး ဦးနှောက်တွင်းသို့ ရောက်နေသည်ဟု ဆိုသည်။
“အကျဉ်းသားတွေကို မိသားစုနဲ့ အနီးဆုံးထောင်မှာ ထားရမယ်ဆိုတဲ့
အကျဉ်းထောင်လက်စွဲ ဥပဒေအတိုင်း ကျင့်သုံးဖို့လိုတယ်၊ ဒါမှသာ
မိသားစုတွေနဲ့အလွယ်တကူ ဆက်သွယ်နိုင်ပြီး လို အပ်တဲ့
အကူညီတွေလုပ်ပေးနိုင်မှာ” ဟု နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေး အသင်း အတွင်းရေးမှူးကိုတိတ်နိုင်က
ဆက်လက်ပြောဆိုခဲ့သည်။
ဦးအုန်းသန်းယခုကဲ့သို့ ကျန်းမာရေးထိခိုက်ချိန်တွင် အာဏာပိုင်များက
ထောင်ဝင်စာတွေ့ရန် မလိုပဲ လိုအပ်သည့် ငွေလွဲလိုက်ရန်
မိသားစုထံမှာကြားသည့် ဦးအုန်းသန်းကိုယ်တိုင် ရေးသား ထားသည့်ပုံစံတူ
ကြေးနန်းအတုတစောင် အားပေးပို့ခဲ့သည်ဟု မိသားစုဝင်များကပြောဆိုသည်။
အဆိုပါကြေးနန်းစာရသည့်အချိန်တွင် မိသားစုအနေဖြင့်
ဦးအုန်းသန်းအားချုပ်နှောင်ထားသည့် ခန္တီးထောင်သို့ လိုက်သွားခဲ့ပြီး
အသေးစိတ်အခြေအနေများကို ထပ်မံမသိရှိရသေးကြောင်း ကိုတိတ်နိုင်က
ဆက်လက်ပြောဆိုသွားခဲ့သည်။ |