|
စစ်အစိုးရအား စီးပွားရေးအရ
အရေးယူမှုထပ်မံတိုးမြှင့်
ဉာဏ်မောင်။
ဇူလိုင် ၃၁၊ ၂၀၀၈
အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်စစ်အစိုးရအပေါ် စီးပွားရေးအရ
အရေးယူမှုများ ထပ်မံ တိုးမြှင့်လိုက်သည်။
မြန်မာစစ်အစိုးရအပေါ် သွင်းကုန်ကန့်သတ်မှုကို တိုးမြှင့်လိုက်သည့်အပြင်
ဆက်လက် လုပ်ဆောင်မည့် အရေးယူဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်၊
ဥပဒေပြဌာန်းချက် များကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သမ္မတဂျော့ဘုရှ်က
ပြောဆိုသည်။
အမေရိကန်သမ္မတက “အခုလိုစစ်အစိုးရကို စီးပွားရေးအရ အရေးယူဆောင်ရွက်တာဟာ
အမေရိကန်ပြည်ထောင်စုက ဒီမိုကရေစီနှင့် လွတ်လပ်မှုကို
ယုံကြည်ကြောင်းပြသလိုက်တာ ဖြစ်တယ်” ဟုပြောသည်။
စစ်အစိုးရ
အုပ်ချုပ်လျှက်ရှိသော မြန်မာနိုင်ငံမှ သွင်းကုန်များတင်သွင်းမှုကို
ထမ်မံပိတ်ပင်လိုက် သည့်အပြင် အမေရိကန်နိုင်ငံသို့
တတိယနိုင်ငံများမှတဆင့် မြန်မာကျောက်မြက်ရတနာများ တင်သွင်းမှု
ပိတ်ပင်သည့် ဥပဒေအသစ်ကိုလည်း သမ္မတဂျော့ဘုရှ်မှ လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာ့ဒီမိုကရေစီရေး အက်ဥပဒေဟုခေါ်ဆိုသည့် ဥပဒေအသစ်ကို ၂၀၀၃
ခုနှစ်ကတည်းက ပြဌာန်းခဲ့ပြီး စစ်အစိုးရ၏
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို
နှစ်စဉ်စောင့်ကြည့်ခဲ့ပြီး ယခုနှစ်အတွက်
အသစ်ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့
မြန်မာကျောက်စိမ်း တားမြစ်ခြင်းဥပဒေအသစ်၏ အဓိကရည်ရွက်ချက်မှာ
မြန်မာနိုင်ငံ မှ ကျောက်စိမ်း၊ ပတ္တမြား
စသည့်အဖိုးတန်ကျောက်မျက်ရတနာများကို တရုတ်၊ ထိုင်း၊ ထိုင်ဝမ်၊
မလေးရှားနှင့် စင်္ကာပူနိုင်ငံတို့မှတဆင့် အမေရိကန်နိုင်ငံသို့
တင်သွင်းနေမှု ပိတ်ပင်ထားခြင်း ဖြစ်သည်။
၎င်းကျောက်မျက်ရတနာရောင်းဝယ်ခြင်းသည် မြန်မာနိုင်ငံအတွက် တတိယမြောက်
နိုင်ငံခြား ဝင်ငွေ အများဆုံးလုပ်ငန်းဖြစ်ပြီး
မြန်မာစစ်ဗိုလ်ချုပ်ကြီးများအတွက် နှစ်စဉ်ဒေါ်လာသန်း ရာနှင့် ချီသော
လုပ်ငန်းတခုဖြစ်သည်။
မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် မိသားစုဝင်များသည်
တတိယနိုင်ငံများမှတဆင့် အမေရိကန်နိုင်ငံ သို့ ကျောက်စိမ်းများ
တင်သွင်းလျှက်ရှိသည့်အတွက်ကြောင့် ယခုဥပဒေအသစ်သည် စစ်အစိုးရ အား
စီပွားရေးအရ ပိတ်ဆို့အရေးယူ ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။ |