|
အလှူပစ္စည်းများသယ်ယူရန်
ငွေကြေးကောက်ခံ၊ လုပ်အားပေးခေါ်ပြီး ဝေခြမ်းရာတွင် မညီမျှမှုကြောင့်
ရပ်ကွက်လူထုက မကျေမနပ်ဖြစ်နေ
ဖြိုးကြီး။
ဇူလိုင် ၂၄၊ ၂၀၀၈
လေဘေးဒုက္ခသည်များအတွက် ပေးဝေမည့်ပစ္စည်းများသယ်ယူရန်အတွက်
ရပ်ကွက်လူကြီးများ က ပြည်သူများထံငွေကြေးကောက်ခံမှုများပြုလုပ်၍
လူငယ်များအား လုပ်အားပေးခေါ်ခိုင်းပြီး ပစ္စည်းများဝေခြမ်းရာတွင်
မညီမျှမှုကြောင့် မကျေမနပ်ဖြစ်နေကြသည်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ မြို့သစ်ရပ်ကွက်(၂၃)၊ (၂၄) ရာအိမ်မှူးများက
ပြည်သူများထံမှ ယခုလ(၁၉) ရက်နေ့၌ တအိမ်လျှင် ငွေ(၅၀၀)ကျပ်
ကောက်ယူကာလူငယ်များအား ပစ္စည်း သယ်ရာတွင် အလုပ်ခိုင်းစေခြင်းများ
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဒေသခံအမျိုးသမီးတဦးက “ကျမအိမ်ကို ငွေလာကောက်တာက
ဆယ်အိမ်မှူးဦးပေစိဆိုတဲ့ သူကလာကောက်တာ၊ ဘာပစ္စည်းတွေ သယ်မယ်ဆိုတာလည်း
မပြောဘူး၊ လုပ်အားပေးခေါ် တယ်ဆိုတာက အကုန်မဟုတ်ဘူး၊ ကျမတို့
ရာအိမ်ပိုင်ထဲက လူငယ် (၈) ယောက်လောက်ဘဲ ခေါ်တာ” ဟု ပြောသည်။
ပစ္စည်းများပေးဝေရာတွင် လမ်းကော်မတီများက မျှတမှုမရှိသည့်အတွက် (၂၄)
ရာအိမ်အပိုင်မှ လူထုက မကျေမနပ်ဖြစ်ကာ တပ်မ (၆၆)
လက်အောက်ခံကွပ်ကဲရေးရုံးသို့ သွားရောက်တိုင်ခဲ့ ကြောင်း
ဒေသခံအမျိုးသမီးက ဆက်လက်ပြောသည်။
“သူတို့ကဝေတာတော့ (၂၃) ရာအိမ်ပိုင်က မဲပေါက်လို့ဆိုပြီး ကျမတို့ကိုတော့
မပေးတော့ဘူးလို့ ပြောတယ်၊ ငွေလဲပေးရ၊ လုပ်အားပေးလဲလိုက်ရပြီး မရတော့
ကျမတို့က (၁၉) ရက်နေ့ညမှာ ဘိုကလေးမြို့က ကွပ်ကဲရေးရုံးမှာ လူ (၂၀၀)
လောက်က သွားပြီးတင်ပြတာ၊ အဲရောက်တော့ ဗျူဟာမှူးက မင်းတို့ထဲက
ပြောတတ်ဆိုတတ်တဲ့သူ (၅) ယောက်လာခဲ့လို့ခေါ်ပြီး ကျန်တဲ့သူတွေ ကို
ပြန်ခိုင်းလိုက်တာ” ဟုပြောသည်။
ယင်းကဲ့သို့ ငွေကြေးကောက်ခံမှုများနှင့် ပြည်သူများအား
ပစ္စည်းများဝေခြမ်းရာတွင် မျှတမှုမရှိ သည်များကို ဖြေရှင်းရန် (၂၀)
ရက်နေ့ နံနက်တွင် မြို့နယ်မယက ဥက္ကဌဦးစိုးသိန်းက ရပ်ကွက် အတွင်းတွင်သာ
ပြန်လည်ဖြေရှင်းရန် ညွှန်ကြားလိုက်ကြောင်း ၎င်းကပြောသည်။
မြို့သစ်ရပ်ကွက်ရယကတာဝန်ရှိသူတဦးက အဆိုပါအဖြစ်ပျက်များနှင့် ပတ်သက်၍
မိမိ ကိုယ်တိုင်မသိရှိကြောင်းနှင့် မင်္ဂလာမြန်မာလူမှုအထောက်ကူပြုအဖွဲ့မှ
လူဒါန်းသည်ကို လမ်းကော်မတီများနှင့် ဝေခြမ်းရေးအဖွဲ့များက
လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။
“ပိုက်ဆံကောက်တယ်ဆိုတာက ပစ္စည်းသယ်ကြတဲ့အဖွဲ့တွေက
ရာအိမ်နှစ်ပိုင်ကိုငွေကောက် လိုက်တယ်၊ လမ်းကော်မတီတွေက
လမ်းအလိုက်ကောက်တာ၊ ကျနော်တို့ဆီမှာက လမ်း အလိုက်
ကော်မတီလေးတွေဖွဲ့ထားတာပါ၊ ကျနော်လည်း မသိလိုက်ပါဘူး၊ အဲဒီအချိန်မှာ
အစည်းအဝေးသွားတက်နေတာ” ဟုပြောသည်။
ထို့အပြင် ကောက်ခံထားသည့် ငွေကြေးများကိုလည်း ရာအိမ်မှူးများကိုခေါ်ယူကာ
ညတွင်းချင်း ပြန်လည်ပေးခိုင်းလိုက်ကာ ပစ္စည်းများကိုလည်း
အညီအမျှခွဲဝေပေးလိုက်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ကျနော်က ကောက်ထားတဲ့ငွေတွေအမြန်ဆုံးပြန်ပေးရင်ကောင်းမယ်လို့
ကွပ်ကဲရေးရုံးမှာ တင်ပြလိုက်ပြီး အဲဒီညနေဘဲ သူတို့ချက်ချင်း
ပြန်လိုက်ပေးလိုက်ကြပါတယ်၊ အားလုံးငွေလက်ခံ ရရှိကြောင်း လက်မှတ်တွေလည်း
သူတို့ထိုးပေးထားပါတယ်၊ လမ်းကော်မတီတွေကို ကျနော် ခေါ်ပြီး
ကောက်တဲ့သူသွားပြန်ပေးခိုင်းလိုက်တာပါ” ဟု ပြောသည်။
အဆိုပါ မင်္ဂလာမြန်မာ လူမှုအထောက်ကူပြုအဖွဲ့မှ လူဒါန်းသည့် ပစ္စည်းများကို
မြို့သစ်ရပ်ကွက် အတွက် ဆန် (၁၂၅) အိတ်၊ ဆီ (၆၂) ပုံး၊ ဆား (၅)
အိတ်နှင့် ပဲအိတ် (၂၅) အိတ်ရရှိပြီး ရပ်ကွက်အတွင်း အိမ်ထောင်စု (၈၇၂)
စုအား ယမန်နေ့တွင် အညီအမျှပေးလိုက်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ကျနော်အားလုံးကို ဆန် (၃) ပြည်ခွဲ၊ဆီ (၈၀) ကျပ်သား၊ ပဲ (၁) ပိဿာ (၂၀)
သား၊ ဆားက အိတ်တ၀က်ပေးဝေလိုက်ပါတယ်၊ မနေ့က အားလုံးပြီးပြတ်သွားပါပြီ၊
ကျနော်က ကျေနပ်မှုမရှိ ရင် ကျနော်ကိုပြောပါဆိုတော့ ကျေနပ်ပါတယ်၊ ငွေ ၅၀၀
ပြန်ရလားဆိုတော့ ရတယ်လို့ပြောပါ တယ်” ဟုပြောဆိုခဲ့သည်။ |