|
စိုက်ပျိုးရေးအတွက်
ထိရောက်သည့်အထောက်အပံ့နှင့် ပညာရှင်များလိုအပ်
ဖြိုးကြီး။
ဇူလိုင် ၂၅၊ ၂၀၀၈
လေဘေးသင့်ဒေသများမှ လယ်သမားများစိုက်ပျိုးထားသည့်စပါးများ
ပျက်စီးသွားပြီး ထိရောက် သည့်အထောက်အပံ့များနှင့်
စိုက်ပျိုးရေးလုပ်ငန်းအတွက် နည်းပညာရှင်များလိုအပ်နေသည်ဟု
ဘိုကလေးမြို့နယ်မှ လယ်သမားများက ပြောသည်။
မျိုးစပါးညံ့ဖျင်းမှုများကြောင့် စပါးများအပင်မပေါက်သည့်အပြင်
ဂဏန်းများကိုက်သည့်အတွက် စိုက်ပျိုးထားသည့်စပါးများ
ဆုံးရှုံးသွားကြောင်း ဘိုကလေးမြို့နယ်၊ ကန်စုရွာမှ လယ်သမားတဦး က
ပြောသည်။
၎င်းက “အဓိကကတော့
မျိုးစပါးမအောင်မြင်တာပေါ့၊ စပါးညံ့တာလည်း ပါတယ်၊ နောက်ပြီး လယ်တွေက
ဆားငန်ရေတအားဝင်တာရော၊ တိရစ္ဆာန်တွေ၊ လူတွေသေထားတဲ့အတွက် မြေ တွေကို
ပြုပြင်ဖို့ ပညာရှင်တွေလိုအပ်တယ်ဆိုတာ တကယ်မှန်တယ်” ဟုပြောသည်။
စိုက်ပျိုးထားသည့်စပါးများမှာ အပင်များမပေါက်တော့သည့်အတွက်
ထွန်ယက်ထားသည့် စက်ခနှင့် ဆီဖိုးများဆုံးရှုံးသွားကြောင်း ယင်းလယ်သမားက
ဆက်လက်ပြောသည်။
“ကျနော်က လယ် (၁၂) ဧက စိုက်တာ၊ မျိုးစပါးမအောင်တော့
အကုန်လုံးဆုံးရှုံးသွားတာပေါ့၊ ထွန်ဖို့စက်ကလည်း သူများဆီမှာ ငှားရတာ၊
နောက်ထပ်ပြန်လုပ်ဖို့က အချိန်ကလည်းလွန်နေပြီ၊ ငွေကြေးရော၊
လုပ်အားပါဆုံးရှုံးသွားတာပေါ့” ဟု ဆက်လက်ပြောသည်။
ကန်စုကျေးရွာဒိုင်နယ်အတွင်း စိုက်ပျိုးထားသည့် စပါးလေးပုံသုံးပုံခန့်
အကုန်ပျက်စီးသွားပြီး အဆိုပါကျေးရွာတွင် နှစ်စဉ်မိုးစပါး စိုက်ဧက
(၃,၀၀၀) ကျော်ရှိသည်။
စိုက်ပျိုးရေးလုပ်ငန်းများအတွက် အကူညီအထောက်အပံ့များကို စစ်အစိုးရက
လုပ်ဆောင်ပေး နေကြောင်း ၎င်းတို့ပိုင် မီဒီယာများကဖော်ပြနေသော်လည်း
လယ်သမားများအနေဖြင့် အပြည့် အဝရရှိခြင်း မရှိကြောင်း
အခြားဒေသခံလယ်သမားတဦးက ပြောသည်။
၎င်းက “သူတို့ပြောတာက အပျက်စီးနည်းတဲ့ဒေသတွေ၊ ကျွဲ၊ နွား၊
လယ်ထွန်စက်တွေလောက်ဘဲ ဆုံးရှုံးတဲ့ ဒေသတွေကို မပေးတော့ဘူးလို့ပြောတယ်၊
အဲလိုပြောတဲ့အခါကျတော့ ကျနော်တို့မှာ က ထွန်ယက်ဖို့ကလည်း ဘာမှမရှိ၊
မျိုးစပါးကလည်း မရှိတော့ ဘယ်လိုစိုက်မလဲ၊ စားဖို့ကလည်း
အလှူရှင်တွေပေးထားတာလေးကို စားနေရတာ” ဟု ပြောသည်။
ထို့အပြင် လပွတ္တာနယ်ဘက်တွင်လည်း စိုက်ပျိုးမြေ ဧက(၈၀,၀၀၀) ခန့်ရှိပြီး
ရေမြုပ်နေသည့် အတွက် စိုက်ပျိုးရန်အခက်အခဲဖြစ်နေကြောင်းနှင့်
မျိုးစပါးအခက်အခဲဖြစ်နေကြောင်း သိရ သည်။
အဆိုပါ ဒေသခံလယ်သမားက “စပါးစိုက်ဖို့က
လုံးဝစိုက်ပျိုးလို့ မပြီးသေးဘူး၊ လွတ်တဲ့နေရာ တွေကတော့ ပြီးတာပေါ့၊
မုန်တိုင်းထိထားတဲ့နေရာတွေက ဘယ်လိုမှ မပြီးဘူး၊ ဒီလဆို ထွန်တုံး
ပိတ်ရမှာ အခုဘယ်သူမှ မပြီးဘူးဖြစ်နေတယ်၊ လာလှူတဲ့ ထွန်စက်က နှစ်လုံး၊
သုံးလုံးဘဲရှိတာ၊ မျိုးစပါးအကောင်းတွေကလည်း ဈေးတွေတက်တော့
မလွယ်နိုင်တော့ဘူး” ဟုပြောသည်။
ယခင်က မျိုးစပါး တင်း(၁၀၀) လျှင် သုံးသိန်းကျပ်သာပေးရပြီး ယခုအခါ ကျပ်
(၁၀) သိန်း ပေးနေရကာ ဓါတ်မြေသြဇာ တအိတ် (၂၅,၀၀၀) မှာ ယခု ကျပ် (၅၀,၀၀၀)
အထိ ပေးဝယ်နေရ သည်ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။ |