Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

မုန်တိုင်းသင့်ဒေသမှ ကျွဲများ သေဆုံးမှုများပြား 

ရိုး ၃။ ဇူလိုင် ၃၁ ၂၀၀၈ 

ဧရာဝတီတိုင်းတွင်း လေဘေးသင့်ဒေသများမှ ကျွဲများတွင် ပါးချိတ်ရောင်ရောဂါများ ဖြစ်ပွား ကူးစက်၍ ကောင်ရေရာနှင့်ချီ၍ သေဆုံးနေသည်။ 

ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စုအတွင်း ယခုရက်ပိုင်းအတွင်း ကျွဲအကောင်ရေ (၁၀၀) ကျော်သည် ရောဂါဖြစ်ပွားစဉ် တိရိစ္ဆာန်ဆေးကုဆရာဝန်မရှိသဖြင့် ယခုကဲ့သို့ သေဆုံး နေရခြင်းဖြစ်သည်ဟု ဒေသခံကပြောသည်။ 

“တိရိစ္ဆာန်ဆေးကုဆရာဝန်က ရာထူးတိုးပြောင်းသွားတော့ (၆) လလောက်ရှိပြီ၊ သူ့နေရာ အစားထိုးတဲ့သူက မလာဘူး၊ ကျွဲတွေအဲလိုရောဂါဖြစ်တော့ ပြစရာဆရာမရှိဘူး၊ ဆေးမြီးတိုနဲ့ ကုနေရတာ၊ အဲမှာတင် ကူးစက်ပြီးသေနေကြတာ” ဟု ဒေသခံတဦးကပြောသည်။ 

ယခုကဲ့သို့ စိုက်ပျိုးချိန်များတွင် လယ်မြေများထွန်ယက်စိုက်ပျိုးမည့် တိရိစ္ဆာန်များ ရောဂါဖြစ်ပွား သေဆုံးနေခြင်းကို သက်ဆိုင်ရာက ယနေ့ထိ လာရောက်အကူညီပေးခြင်း မရှိသေးကြောင်းနှင့် မုန်တိုင်းဒဏ်ခံခဲ့ရသော်လည်း စိုက်ပျိုးရေးလုပ်ငန်းအတွက် မည့်သည့်အထောက်အပံ့မှ မရရှိ ကြောင်း ၎င်းကဆက်လက်ပြောသည်။ 

ယခုလ (၂၈) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဇူလိုင်လ (၁၉) ရက်နေ့ထိ မုန်တိုင်း သင့်ဒေသများသို့ စစ်အစိုးရမှ ထောက်ပံ့လှူဒါန်းသည့်စာရင်းချုပ်ကို ဖော်ပြခဲ့ရာတွင် ကျွဲကောင် ရေ (၁၇၈၅) ကောင်နှင့် နွားကောင်ရေ (၄၃၃) ကောင်၊ ပုဂ္ဂလိကအလှူရှင်များက နွားကောင်ရေ (၉၀) နှင့် ပြည်ပနိုင်ငံအဖွဲ့အစည်းများမှ ကျွဲကောင်ရေ (၅၀၅) ကောင်ရှိသည်ဟု ဖော်ပြထား သည်။ 

“အဲဒါက နာဂစ်ဖြစ်ပြီးနောက်ပိုင်း ကျန်တဲ့ကိုယ်ပိုင်ဟာတွေဖြစ်တာ၊ သူတို့ပြောသာ ပြောနေတာ၊ ကျနော်တို့ကို အစိုးရက ကျွဲ၊ နွားထောက်ပံ့တာ တကောင်မှမရှိပါဘူး၊ အရင်ကတည်းရှိတဲ့ ကျန်တဲ့ဟာတွေ သေသွားတာ” ဟု လယ်သမားတဦးက ပြောသည်။ 

မြင်းကကုန်းကျေးရွာအုပ်စုအတွင်း ရွာပေါင်း (၈၀) ကျော်ရှိပြီး ရွာအတော်များတွင် ကျွဲများမှာ ထွန်ယက်စိုက်ပျိုးရာတွင် ပင်ပန်းသည့်ဒဏ်ကြောင့် လယ်သမားများအခေါ်(ချိတ်ရောဂါ) များ ဖြစ်ပွားကူးစက်နေသည့်အတွက် တိရိစ္ဆာန်များကို ကုသပေးရန် တက်ကျွမ်းနားလည်သည့် တိရိစ္ဆာန်ကုဆရာဝန် အရေးတကြီးလိုအပ်နေသည်ဟု အဆိုပါလယ်သမားက ဆက်လက်ပြော သည်။ 

မိုးများပြီး ရေနက်ကွင်းစပါးစိုက်ပျိုးသည့် ယင်းဒေသတွင် မိုးဒဏ်၊ ရေဒဏ်ခံနိုင်သည့် ကျွဲများကို သာ အသုံးပြုနေရပြီး ယခုကဲ့သို့ ကျွဲများသေဆုံးနေသည့်အတွက် ထွန်ယက်စိုက်ပျိုးရာတွင် အခက်အခဲများ ပိုမိုများပြားလျှက်ရှိကာ လယ်သမားများအနေဖြင့်လည်း မိမိတို့မွေးမြူထားသည့် လယ်ယာသုံးတိရိစ္ဆာန်များကို ဆုံးရှူံးရသဖြင့် စိတ်ထိခိုက်ခံစားနေရသည်ဟု ဒေသခံလယ်သမား တဦးက ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com