Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကလေးငယ်များ ကျန်းမာရေးဆိုးဝါးနေပြီး
လယ်သမားများ အခက်ကြုံနေရ
 

ဖြိုးကြီး။ ဇူလိုင် ၄၊ ၂၀၀၈ 

မုန်တိုင်းသင့်ဒေသများတွင် ကလေးငယ်များ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေလျှက်ရှိပြီး လယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းများနှင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့ နေရသည်။ 

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်နယ်တ၀ိုက်တွင် ကလေးငယ်များမှာ သွေးလွန်တုတ် ကွေးရောဂါ ဖြစ်ပွားနေပြီး လယ်ယာစိုက်ပျိုးရေးအတွက် မျိုးစပါးများညံ့ဖျင်းမှုကြောင့် စိုက်ပျိုး နိုင်ခြင်း တစုံတရာမရှိသည့်အပြင် အလှူရှင်များ  လာရောက်မှုမရှိသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်သည်။ 

ပြင်ခရိုင်နယ်တ၀ိုက်ရှိ ကလေးငယ်များ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ ဒေသခံတဦးက “အခုကျနော်တို့ရွာမှာ သွေးလွန်တုတ်ကွေးဖြစ်တာ ကလေး အယောက် ၂၀ ကျော်လောက်ရှိ တယ်၊ ငှက်ဖျားတိုက်ဖျက်ရေး၊ သွေးလွန်တုတ်ကွေးတိုက်ဖျက်ရေးအဖွဲ့တွေကတော့ လာတယ်၊ ဆေးတွေဖျန်းတာလောက်ပဲ ရှိတယ်”ဟု ပြောသည်။ 

စစ်အစိုးရအာဏာပိုင်များဘက်မှာ တစုံတရာဆေးဝါးကုသပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ယနေ့ထိ လုပ်ဆောင်ပေးခြင်းမရှိကြောင်းနှင့် ပုဂ္ဂလိကအဖွဲ့စည်းအချို့ကသာ ကုသပေးနေရကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောသည်။ 

ထို့အပြင် ဒေသခံလယ်သမားများအတွက် မျိုးစပါး တတင်းနှုန်းသာပေးထားပြီး အဆိုပါ မျိုးစပါး များမှာ ရေငံစပါးစိုက်ပျိုးသော ပြင်ခရိုင်ဒေသတွင်း စိုက်ပျိုး၍မရသည့် ရေချိုစပါးများဖြစ်နေ သောကြောင့် အခက်အခဲကြုံနေရကာ လယ်ယာမြေများ ထွန်ယက်သည့်နေရာတွင်လည်း အခက်အခဲများစွာ ရှိသည်ဟု လယ်သမားတဦးက ပြောသည်။  

“သူတို့ပေးတဲ့စပါးက မပေါက်ဘူး၊ တချို့ကိုယ့်မျိုးနဲ့ကိုယ် ပျိုးထောင်ထားတာက အနည်းကျဉ်း တော့ ရှိတယ်၊ မစိုက်ရသေးဘူး၊ ကြဲခင်းတွေကတော့ လုံးဝမလုပ်ရသေးဘူး၊ လယ်ထွန်နေရတာ ကလည်း သူတို့ပေးတဲ့စက်တွေက မောင်းရင်ပျက်တာတွေနဲ့၊ ကောင်းတာကြတော့လည်း မောင်းရင် ဆီမရှိတာနဲ့ ဒုက္ခက မျိုးစုံပဲ၊ အဲလိုကိုဖြစ်နေတာ”ဟု အဆိုပါဒေသခံလယ်သမားက ပြောသည်။ 

ပြင်ခရိုင်နယ်အပိုင်တွင် ကျေးရွာပေါင်း (၁၂) ရွာရှိပြီး စပါးစိုက်ပျိုးမြေဧက (၂,၀၀၀) ကျော်ရှိကာ စိုက်ပျိုးမြေစုစုပေါင်း၏ (၉၀) ရာခိုင်နှုန်းမှာ ထွန်ယက်နိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

စိုက်ပျိုးရေးအခြေအနေများအပြင် ယခုလက်ရှိ စားဝတ်နေရေးနှင့်ပတ်သက်၍ “စားဝတ်နေ ရေးက တော်တော်ကို ဒုက္ခရောက်နေတာ၊ ပထမကတော့ နည်းနည်းရ နည်းနည်းစားနေရတယ်၊ အခုတော့ အခက်အခဲကြုံတွေ့နေတယ်၊ ပုဂ္ဂလိကအလှူရှင်တွေ အရင်ကတော့လာတယ်၊ အခု မလာတာတော်တော်ကြနေပြီ၊ အဲလိုမလာကြတော့တာကလည်း သူတို့တွေကို အာဏာပိုင်တွေ ဘက်က ဟန့်တားတာတွေလုပ်လို့”ဟု ပြောသည်။ 

ထို့အပြင် သက်ဆိုင်ရာဒေသအာဏာပိုင်များက လေဘေးဒုက္ခသည်များအတွက် လွန်ခဲ့သည့် နှစ်လခန့်ကတည်းက ပေးပို့ထားသည့် ဆန်များကို ပေးဝေခြင်းမရှိသည့်အပြင် ဆန်များက မိုးရေများစိုနေသောကြောင့် တိရိစ္ဆာန်ပင် စားနိုင်ခြင်းမရှိကြောင်းနှင့် လာရောက်လှူဒါန်းသည့် အလှူရှင်များကိုလည်း တားမြစ်ထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com