Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကယ်ဆယ်ရေးလုပ်ငန်းများ စစ်ဆေးကြည့်ရှုရန် ကုလအကြီးအကဲ မြန်မာပြည်သွားရောက်မည် 

ဗထူး။ ဇူလိုင် ၁၇၊ ၂၀၀၈ 

ကုလသမဂ္ဂ လူသားချင်းညာတာထောက်ထားမှုဆိုင်ရာ အကြီးအကဲသည် နာဂစ်မုန်တိုင်းသင့် ဒေသများကို ကြည့်ရှုရန်လာမည့်အပတ်အတွင်း မြန်မာနိုင်ငံသို့သွားရောက်မည်။ 

လူသားချင်းညာတာထောက်ထားမှုဆိုင်ရာအကြီးအကဲ မစ္စတာဂျွန်ဟုမ်းစ်သည် ကယ်ဆယ်ရေး ပစ္စည်းများဖြန့်ဝေနေမှုနှင့်ပတ်သက်၍ စစ်ဆေးကြည့်ရှုရန် သွားရောက်ခြင်းဖြစ်သည်။ 

စင်္ကာပူနိုင်ငံတွင်ပြုလုပ်သော အာစီယံဝန်ကြီးများအစည်းအဝေးပြီးနောက် မုန်တိုင်းလွန်အခြေ အနေများကို စစ်ဆေးကြည့်ရှုရန် (၃) ရက်ကြာနေထိုင်ပြီး စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်လည်းတွေ့ဆုံမည်ဟု ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်သော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဟုမ်းစ်ကပြောသည်။ 

ယခုလအတွင်းက မြန်မာနိုင်ငံရှိ လေဘေးသင့်ဒေသများမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ သန်း(၂၈၀) ထပ်မံလိုအပ်ကြောင်း ကုလသမဂ္ဂလူသားချင်းညာ တာထောက်ထားမှုဆိုင်ရာ အကြီးအကဲက အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းပြောဆိုခဲ့သေးသည်။ 

စစ်အစိုးရတပ်ဖွဲ့နှင့် လက်အောက်ခံအဖွဲ့များအနေဖြင့် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များအား အတင်းအကြပ်နေရပ်ရင်းပြန်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိနေပြီး ဒုက္ခသည်ရိက္ခာများကိုလည်း တပ်ရိက္ခာအဖြစ် အသုံးပြုခြင်းများရှိနေကြောင်း စစ်တပ်နှင့်နီးစပ်သူတဦးကပြောသည်။ 

“အဲ့ဒီဒေသတွေမှာ သွားကူနေတယ်ဆိုတဲ့ တပ်တွေ၊ ရဲတွေ၊ ကြံ့ဖွံ့တွေ ဒါတွေအားလုံးက သွားက တည်းက သူတို့အတွက် စားဖို့ဘာရိက္ခာမှ မပါဘူး၊ ဒုက္ခသည်တွေကိုပေးတဲ့ ရိက္ခာပုံကို ခွထိုင်စားနေကြတာ၊ ဒုက္ခသည်လက်ထဲ ရောက်တာနည်းနည်း၊ မြို့ကကုန်သည်လက်ထဲ ပြန်ရောင်းနေတာ များများပါ” ဟု စစ်တပ်နှင့်နီးစပ်သူတဦးက ပြောသည်။ 

ကုလသမဂ္ဂ၊ အာစီယံနှင့် စစ်အစိုးရတို့ သုံးပွင့်ဆိုင်ကော်မတီဖွဲ့စည်းကာ ဒုက္ခသည်ကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ကူညီရေးအဖွဲ့များ မသွားရောက်နိုင်သည့်ဒေသ များမှ လေဘေးသင့်ပြည်သူများမှာ အကြပ်အတည်းနှင့် ပိုမိုရင်ဆိုင်နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာပြည်သို့သွားရောက်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ အနည်းငယ်လမ်းပွင့်လာနေသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဟန့်တားနှောင့်ယှက်မှုများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။ 

သြဂုတ်လ ဒုတိယအပတ်တွင်လည်း ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီသည် မြန်မာ့နိုင်ငံရေးကိစ္စရပ်များကို ဆွေးနွေးရန်မြန်မာနိုင်ငံသို့ သွားရောက်မည်ဟုလည်း ကုလသမဂ္ဂ က သတင်းထုတ်ပြန်ထားသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com