Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဆန္ဒပြလေဘေးဒုက္ခသည်သတင်းယူခဲ့သည့် မအိမ့်ခိုင်ဦးကို ရုံးထုတ်စစ်ဆေး 

ဗထူး။ ဇူလိုင် ၂၊ ၂၀၀၈ 

ထောက်ပံ့ကူညီပစ္စည်းများမရ၍ ဆန္ဒပြတောင်းဆိုရာနေရာသို့ သတင်းသွားရောက်ယူခဲ့သည့် အပတ်စဉ်စီးပွားရေးဂျာနယ်သတင်းထောက် မအိမ့်ခိုင်ဦးအား စစ်အစိုးရက ယနေ့ ဒုတိယ အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။ 

ပြီးခဲ့သည့်လ (၁၀) ရက်နေ့တွင် တောင်ဒဂုံမြို့နယ် လေဘေးဒုက္ခသည်များက ထောက်ပံ့ပစ္စည်း များမရသဖြင့် ရန်ကုန်ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) ရုံးတို့တွင် ဆန္ဒပြခဲ့ရာ သတင်းသွားရောက်ယူခဲ့သူ (Ecovision) သတင်းဂျာနယ်မှ မအိမ့်ခိုင်ဦးအား စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ ရုံးထုတ်ရာတွင် သူမနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် (Weekly) ဂျာနယ် အယ်ဒီတာဟောင်း ကိုကျော်ကျော်သန်းနှင့် ဇွန်လ (၁၆) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသူ မြန်မာထရီဗြူးဂျာနယ် ဦးအောင်ကျော်ဆန်းတို့ကို အင်းစိန်အကျဉ်းထောင်မှ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။ 

“သူက အဲနေ့က သတင်းယူဖို့သွားရင်းနဲ့ အဲဒီရုံးရှေ့မှာ လေဘေးဒုက္ခသည်တွေ ဆန္ဒပြတာကို တွေ့တာ၊ အမှန်တကယ်ကတော့ သူ့အလုပ်သူ့လုပ်တာပါ၊ သတင်းထောက်တယောက်က သတင်းသွားယူတယ်၊ သတင်းသွားယူတဲ့အခါမှာ သူတို့ကန့်သတ်ထားတဲ့ဟာတွေကိုလည်း သူ့အနေနဲ့ မသိနိုင်ဘူးလေ”ဟု ယနေ့ တရားရုံးသို့သွားရောက်ခဲ့သူ မအိမ့်ခိုင်ဦး၏ မိတ်ဆွေ တဦးက ပြောသည်။ 

လေဘေးသင့်ဒုက္ခသည်များ ဆန္ဒပြသည်ကို သွားရောက်သတင်းရယူသည့် သတင်းထောက် တဦးအား ဖမ်းဆီးခြင်းမှာ မတရားသဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်ကို အားလုံးသိရှိကြပြီး ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အဆင့်အတန်းကို ပြသလိုက် ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

စစ်အစိုးရအနေဖြင့် လေဘေးသင့်ပြည်သူများအား သွားရောက်ကူညီခဲ့သည့် ကိုသူရ (ခေါ်) ကိုဇာဂနာအား ဖမ်းဆီးထားပြီး ယခုလက်ရှိတွင်လည်း ဒုက္ခသည်များအရေး တက်ကြွစွာ ကူညီ နေသူများအားလည်း ဆက်လက်ဖမ်းဆီးနေဆဲဖြစ်သည်။ 

လေဘေးအတွက်ပေးပို့သည့် နိုင်ငံတကာမှ အကူအညီများအား စစ်အစိုးရလက်အောက်ခံ တပ်ဖွဲ့များနှင့် အသင်းအပင်းများမှ ကိုယ်ကျိုးအတွက် အသုံးချနေမှုများ ဆက်လက်ရှိနေပြီး ဒုက္ခသည်များမှာ အဆိုပါ နိုင်ငံတကာအကူအညီများကို လုံလောက်စွာ မရရှိသေးပေ။ 

Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးနှင့် Weekly ဂျာနယ် အယ်ဒီတာဟောင်း ကိုကျော်ကျော်သန်းတို့နှစ်ဦးအမှုကို ယနေ့သက်သေများဖြင့် စစ်ဆေးခဲ့ပြီး ယခုလ (၁၀) ရက်နေ့ သို့ ထပ်မံချိန်းဆိုထားသည်။ 

တို့နှစ်ဦးအား စစ်အစိုးရက အင်းစိန်ထောင်အတွင်းတွင် ရာဇဝတ်အကျဉ်းသားများနှင့်အတူ ချုပ်နှောင်ထားပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မိသားစုများက စိတ်အနှောင့်အယှက်ဖြစ်နေပြီး ယနေ့ရုံးထုတ်ရက်တွင် မိသားစုဝင်များ သွားရောက်ခဲ့ကြသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com