|
နိုင်ငံရေးအကျဉ်းသား လူငယ် (၁၀) ဦးကို စစ်အစိုးရက
ရဲဘက်စခန်းများသို့ပို့ခဲ့
ဗထူး။
ဇူလိုင် ၂၅၊ ၂၀၀၇
စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို
ထောင်ဒဏ်များချမှတ်ကာ ရဲဘက် စခန်းများသို့ ပို့ဆောင်လိုက်သည်ဟု
ဆိုသည်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် သံဃာနှင့်ပြည်သူဆန္ဒပြပွဲတွင်
ပါဝင်ခဲ့သည့် ကျောင်းသားလူငယ် (၁၀) ဦးအား ရဲဘက်စခန်းများသို့
ပို့ဆောင်လိုက်ကြောင်း နိုင်ငံရေး အကျဉ်းသားများ
ကူညီစောင့်ရှောင့်ရေးအသင်း(မြန်မာနိုင်ငံ) (AAPP) က ယနေ့
ထုတ်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် တရားရုံးက ယခုအပတ်အတွင်း ထောင်ဒဏ်
(၂) နှစ်စီ ချမှတ်၍ ပြည်ထဲရေးဝန်ကြီးအမိန့်ဖြင့် ရဲဘက်စခန်းများသို့
ပို့ဆောင်လိုက်ခြင်းဖြစ်ပြီး အဆိုပါ လူငယ်များတွင်
အစ္စလမ်ဘာသာဝင်အများစု ပါဝင်သည်။
၁၉၉၀ ခုနှစ်၊ အောက်တိုဘာလက ပတ္တနိက္ကုဇ္ဈနကံဆောင်ခဲ့သည့် သံဃာတော်များအား
စစ်အစိုးရက ရဲဘက်စခန်းများသို့ပို့ဆောင်ခဲ့ရာ
အလုပ်ကြမ်းခိုင်းစေခဲ့သည့်ဒဏ်ကြောင့် သံဃာတော် (၁၉) ပါး
ပျံလွန်တော်မူခဲ့သည်ဟု (AAPP) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ပြည်ထဲရေးဝန်ကြီးရဲ့အမိန့်နဲ့ ရဲဘက်စခန်းကို ပို့လိုက်တာ၊ ဘာသာရေးအရ
နှိပ်ကွပ်မှုတခု ဖြစ်တဲ့အပြင် ကျောင်းသားလူငယ်တွေရဲ့ အသက်အန္တရာယ်
စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေ ပါတယ်”ဟု (AAPP) အတွင်းရေးမှူး
ကိုတိတ်နိုင်က ပြောသည်။
ယခုရဲဘက်စခန်းသို့ပို့ဆောင်ခံရသည့် လူငယ် (၁၀) ဦးတွင် အစ္စလမ်ဘာသာဝင်
(၇) ဦးပါဝင်ပြီး အမှတ် (၆) ရဲဘက်စခန်း(ကျိုက်မရော)၊ အမှတ် (၇)
ရဲဘက်စခန်း(ဘားအံ)၊ ရင်းငြိမ်(ကျောက် စခန်း)၊ ဇင်းကျိုက်(ကျောက်စခန်း)၊
တောင်စွန်း(ရဲဘက်စခန်း)များသို့ စစ်အစိုးရက ပို့ဆောင်ခဲ့
ခြင်းဖြစ်သည်။ |