Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်အစိုးရ၀န်ကြီးချုပ် အာဆီယံနောက်ဆက်တွဲခရီးစဉ်အဖြစ်
အင်ဒိုနီးရှားနှင့် ဘရူနိုင်းသို့ သွားမည်

ဖြိုးကြီး။ ဇန်နဝါရီ ၁၁၊ ၂၀၀၈ 

မြန်မာစစ်အစိုးရ၀န်ကြီးချုပ် သိန်းစိန်သည် အာဆီယံနိုင်ငံများခရီးစဉ်၏ နောက်ဆက်တွဲအဖြစ် အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံများသို့ မကြာမီ သွားရောက်မည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ထုတ်ပြန်ကြေညာသည်။  

နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စရပ်များအပြင် စစ်အစိုးရရေးဆွဲထားသည့် လမ်းပြမြေပုံ၏ တတိယ အဆင့်ဖြစ်သည့် ဖွဲ့ စည်းပုံရေးဆွဲနေသည့် အခြေအနေများကို ရှင်းပြရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ 

၂၀၀၆ ခုနှစ်၊ မတ်လက အင်ဒိုနီးရှားသမ္မတ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် ဖွဲ့စည်းခဲ့ပြီးနောက် ယခုခရီးစဉ်သည် အင်ဒိုနီးရှားသမ္မတ၏ ဖိတ်ကြားချက်အရ အစိုးရဧည့်သည်တော်အဖြစ် တရားဝင် သွားရောက် ခြင်းဖြစ်သည်။ 

အင်းဒိုနီးရှားသည် အာစီယံနိုင်ငံများအတွင်း မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ထိုင်း၊ စင်ကာပူနှင့် မလေးရှားတို့မှာ ပထမ၊ ဒုတိယနှင့် တတိယနေရာတို့တွင် အသီးသီးရှိကြသည်။ 

၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်အတွင်း အင်ဒို- မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးပမာဏမှာ အမေရိကန် ဒေါ်လာ ၁၈၁.၉၃ မီလျံ ရှိသည်။ အင်ဒိုနီးရှားမှ မြန်မာသို့ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၉၃.၈၇ မီလျံရှိပြီး မြန်မာပြည်မှ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၈.၆ မီလျံရှိကြောင်း မြန်မာအစိုးရ ထုတ်ပြန်ချက်စာရင်းဇယားများအရ သိရသည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အင်ဒိုနီးရှားသမ္မတ ဆူစီလိုဘမ်ဘမ်း ယူရိုယူနိုနှင့် တွေ့ဆုံပြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်တွေ့ဆုံကာ အကြံအဉာဏ်များရယူနိုင်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး ၀ိရယူဒက နိုင်ငံခြားရေးဝန်ကြီးနှစ်ပတ်လည်ဆွေးနွေးပွဲတွင် ပြောဆိုကာ လမ်းပြမြေပုံ အကောင်အထည်ဖော်ရာတွင် ပိုမိုယုံကြည်ရသည့် လုပ်ငန်းစဉ်များကို မြင်တွေ့လိုသည်ဟု ပြောဆိုခဲ့သည်။ 

စစ်အစိုးရအနေဖြင့် ကုလသမဂ္ဂမှ တောင်းဆိုထားသည့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်များကို အချိန်ဆွဲနေခဲ့ပြီး ယခုခရီးစဉ်သည် ၄င်းတို့ရေးဆွဲနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မူဝါဒ လမ်းစဉ် (၇) ရပ်အား ဒေသတွင်းနိုင်ငံများ၏ ထောက်ခံယုံကြည်မှုရရန် ပြုလုပ်နေသည့် အစိတ်အပိုင်းတခု ဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org