|
စံပြကျေးရွာအတွက်
ဒေသခံရိုဟင်ဂျာများကို အဓမ္မခိုင်းစေ
ဖြိုးကြီး။ ဇန်နဝါရီ ၁၅၊ ၂၀၀၈
ရခိုင်ပြည်နယ်အာဏာပိုင်များက ယခုလ
(၁၀) ရက်နေ့မှစတင်၍ ဒေသခံ ရိုဟင်ဂျာ လယ်သမား များ၏ မြေများကို
ပြည်သူပိုင်သိမ်းယူ၍ အဓမ္မ စေခိုင်းလျှက်ရှိသည်။
နတလစံပြကျေးရွာ တည်ဆောက်ရန်အတွက်
ရွာသားများအား ဆောက်လုပ်ရေးလုပ်ငန်းများ တွင် အဓမ္မခိုင်းစေမှုများ
ပြုလုပ်နေခြင်းဖြစ်သည်။
စစ်အစိုးရအာဏာပိုင်များက ၂၀၀၈
ခုနှစ်အတွက် ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံအတွင်း အိမ်ထောင်စု ၅၀ မှ လူ
၂၆၇ ဦးကို ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်တွင် အခြေချနေထိုင်ရန်
ယခုလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ရွှေ့ပြောင်းလာကာ နတလကျေးရွာ
တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
အသစ်ရောက်ရှိလာသူများသည်
မြန်မာလူမျိုး ဆင်းရဲသားများနှင့် အငြိမ်းစားဝန်ထမ်းများ၊
ထောင်ထွက်များဖြစ်ပြီး အာဏာပိုင်များက ဖြားယောင်းသွေးဆောင်ကာ အတင်းအဓမ္မ
ခေါ်ဆောင်လာသူများ ဖြစ်သည်။
ဇန်နဝါရီ (၁၀) ရက်၊ မနက် (၁၀)
နာရီခန့်က မြို့နယ် မယကနှင့် ခယက အာဏာပိုင်များသည် မြို့
နယ်အိုးအိမ်နှင့် မြေယာဦးစီးဌာနမှ အရာရှိများနှင့်အတူ နစက (၄)
ဧရိယာအတွင်းရှိ မောင်းတောမြို့နယ်၊ လောင်းဒွန်ကျေးရွာသို့
ရောက်ရှိလာပြီး ဒေသခံရိုဟင်ဂျာများ၏ လယ် ၅၀ ဧကခန့်ကို
ထပ်မံသိမ်းယူခဲ့ကာ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ရွာသားများကို
အဓမ္မခိုင်းစေ နေကြောင်း နစကနှင့်နီးစပ်သူတဦးက ဆိုသည်။
လယ်မြေအသိမ်းခံရသော ဒေသခံရွာသားတဦးက
“ကျနော့်မှာ ကျနော့်မိသားစု စားဝတ်နေရေး အတွက် လယ်မြေမရှိတော့ဘူး။
ဒီလယ်မြေတွေမရှိဘဲနဲ့ ကျနော်တို့ ဘယ်လိုရပ်တည်ရမလဲ မသိ တော့ဘူး၊
တခြားဘာအလုပ်တွေကိုလဲ ပြောင်းပြီး လုပ်ကိုင်စားရမယ်မှန်းကို
မသိတော့ဘူး” ဟု ပြောသည်။
နတလရွာ (သို့မဟုတ်) စံပြကျေးရွာများ
တည်ဆောက်နေသော နအဖစစ်အစိုးရ၏ ပေါ်လစီ များသည် ရခိုင်လူမျိုးများနှင့်
ရိုဟင်ဂျာများ၏ လယ်မြေများကို သိမ်းပြီး ဒေသခံပြည်သူများအား
အဓမ္မအလုပ်ခိုင်းစေနေခြင်း ဖြစ်သည်။
ထိုကဲ့သို့
လယ်ယာမြေများ အသိမ်းခံရမှုကြောင့် အလုပ်အကိုင်ရှာဖွေရန် ထွက်ခွါလာသည့်
ရိုဟင်ဂျာလူမျိုး ၂၀ ကျော်ကို မကြာသေးမီရက်ပိုင်းအတွင်းက ထိုင်းရေတပ်
လုံခြုံရေးများမှ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည်။ |