Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

နယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့ဝင်များ ရိုဟင်ဂျာပိုင်လယ်မြေများ သိမ်းပိုက်

ဉာဏ်မောင်။ ဇန်န၀ါရီလ ၇၊ ၂၀၀၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာကျေးရွာများမှ လယ်မြေများကို ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ် နစခ(နယ်စပ်ဒေသကြီးကြပ်ကွပ်ကဲရေးအဖွဲ့) (ခေါ်) နယ်စပ်ဒေသလုံခြုံရေး တပ်ဖွဲ့ဝင်များက အဓမ္မ သိမ်းပိုက်လျှက်ရှိကြောင်း Kaladan Press  Network ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

(နစခ)တပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ်၊ တောင်ဈေးကျေးရွာမှ အဘ ဦးအဒူဆာမက်၏ သားဖြစ်သူ ဟာဘစ်ဟူစိန်ထံမှ လယ်မြေ ၆ ဧကကို ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့က သိမ်းပိုက်လိုက်ကြောင်း ဆွေမျိုးနီးစပ်သူတဦးက ပြောသည်။ 

ထိုလယ်မြေများသည် နစခ (၉) အနီးတွင်ရှိပြီး လွန်ခဲ့သော ၂ နှစ်ခန့်ကပင် သိမ်းပိုက်ရန် ကြိုးစားနေခြင်းဖြစ်သည်။  ယခု ၎င်းလယ်မြေများပေါ်တွင် ကြက်သွန်၊ ငြုပ်သီး၊ မြေပဲ၊ ပဲမျိုးစုံ၊ ခရမ်းသီးနှင့် အခြားသီးနှံများကို စိုက်ပျိုးရန်အတွက် ရွာသားများကို ခေါ်ယူ၍ အဓမ္မ ထွန်ယက် ခိုင်းစေခြင်းများ ပြုလုပ်နေသည်။ 

“ကျနော့်မှာ ဒီလယ်မြေလေးတွေပဲ ရှိတာပါ။ ကျနော့်ရဲ့ မိသားစုအားလုံးကလည်း ဒီလယ်မြေ ပေါ်မှာပဲ မှီခိုစားသောက်နေရတာပါ၊ မိသားစုက ၆ ယောက်ရှိတယ် ဒီထဲက ၂ ယောက်က အထက်တန်းကျောင်းသားတွေပါ၊ ဒီလယ်မြေတွေ ဆုံးရှုံးသွားတော့ ကျနော် တော်တော်ကို ဒုက္ခ ရောက်ပါတယ်။ အခုဆိုရင် သား ၂ ယောက်ကို ကျောင်းထုတ်ပြီး အလုပ်လုပ်ခိုင်းရတော့မယ်။ မိသားစုစားဝတ်နေရေးအတွက် ဘယ်လိုရပ်တည်ရမယ်ဆိုတာတောင် မသိရလောက်အောင် ပါပဲဗျာ”ဟု မကြာသေးခင်က လယ်မြေသိမ်းခံခဲ့ရသူ လယ်ပိုင်ရှင်တဦးက ပြောသည်။  

ရိုဟင်ဂျာလူမျိုး ၈၅% သည် လယ်သမားများဖြစ်ပြီး အာဏာပိုင်များသည် ရိုဟင်ဂျာတို့၏ လယ်မြေများကို သိမ်းဆည်းပြီး စစ်တပ် ရာဘာစိုက်ခင်း၊ စပါးခင်း၊ ဟင်းသီးဟင်းရွက်နှင့် ဆီအုန်းစိုက်ခင်းများ ပြုလုပ်ကာ စံပြရွာများအဖြစ် လုပ်ကိုင်လျှက်ရှိသည်ဟု ဒေသခံရွာသား များက ပြောသည်။ 

ထိုကဲ့သို့ လယ်မြေများကိုသိမ်းယူသည့် ပေါ်လစီအတိုင်း ဆက်လုပ်သွားပါက နောင် ၁၀ နှစ် တွင် ရိုဟင်ဂျာလယ်သမားများ လယ်ယာလက်မဲ့များဖြစ်သွားနိုင်သည်ဟု ဘူးသီးတောင်မြို့နယ် မှ ကုန်သည်တဦးကလည်း ပြောဆိုခဲ့သည်။  

နစခ(နယ်စပ်ဒေသကြီးကြပ်ကွပ်ကဲရေးအဖွဲ့) ကို ၁၉၉၂ ခုနှစ်၊ စက်တင်ဘာ (၁) ရက်နေ့က စတင်တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်သည့် တပ်မတော်ထောက်လှမ်းရေး၏ ကြီးကြပ်မှုဖြင့် ရိုဟင်ဂျာတို့အား စီးပွားရေး၊ လူမှုရေးတို့အား နှိပ်ကွပ်ရန် ရည်ရွယ်လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နအဖစစ်အစိုးရလက်ထက်တွင် ယခုကဲ့သို့ လယ်ယာမြေသိမ်းဆည်းမှုများ မြန်မာပြည် အနှံ့အပြားတွင် ဖြစ်ပေါ်လျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org