|
အစိုးရဆန့်ကျင်ရေးပိုစတာများဖြင့်
လှုပ်ရှားမှုများဖြစ်ပေါ်
ဖြိုးကြီး။
ဇန်နဝါရီ ၃၁၊ ၂၀၀၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယခုလ (၂၈) ရက်နေ့က
စစ်အစိုးရဆန့်ကျင်ရေးပိုစတာများ မြို့အနှံ့ကပ်ကာ ဆန္ဒပြလှုပ်ရှားမှုများ
ဖြစ်ပေါ်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်နှင့်
ဥပဒေမဲ့ဖမ်းဆီးမှုများကို ရပ်တန့်ပြီး လူ့အခွင့်အရေးများကို
လေးစားလိုက်နာရန်အတွက် ယခုကဲ့သို့ ပိုစတာများတွင် ရေးသားပြီး နေရာအနှံ့
ချိတ်ဆွဲဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီလ
(၁၇) ရက်နေ့က ရခိုင်ပြည်နယ်၊ တောင်ကုတ်၊ ကျောက်ဖြူနှင့်
ရမ်းဗြဲမြို့နယ်တို့တွင် လုံခြုံရေးများ တင်းကြပ်စွာ ချထားသည့်ကြားမှ
စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းမြို့နယ်များအတွင်းတွင် “ခေတ်မီမြို့ပြသန့်ရှင်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေး”ဟု ဆိုကာ ဇန်နဝါရီလ (၂၄) မှ (၂၆) ရက်နေ့အထိ
မြို့နယ်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဆင်းရဲ သားများနှင့်
လူလတ်တန်းစားတို့အား တအိမ်ထောင်လျှင် ကျပ်သုံးထောင်၊ ငွေကြေးတတ်နိုင်သူ
များထံမှ တအိမ်ထောင်လျှင် ကျပ်ငါးထောင်၊ ဈေးဆိုင်ငယ်တခုလျှင်
ကျပ်တစ်သောင်းခွဲ၊ ဈေးဆိုင်ကြီးတခုလျှင် ကျပ်သုံးသောင်းနှင့် စက်ရုံ၊
အလုပ်ရုံ၊ ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းကြီး တခုလျှင်
ကျပ်ငါးသောင်းနှုန်းဖြင့် ကောက်ခံခဲ့သည်။
အဆိုပါလုပ်ရပ်ကို သည်းမခံနိုင်သောကြောင့် မြို့တွင်းရှိ လူစည်ကားရာ
အရပ်များဖြစ်သည့် ဈေး၊ ဆေးရုံ၊ ကားဂိတ်၊ ရထားနှင့်
ကားမှတ်တိုင်များတွင် သရော်စာများ၊ ကာတွန်းများ ဆွဲထား သည့်
ပိုစတာများကို ကပ်ထားခဲ့ကြခြင်းဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ၊
ဖမ်းဆီးထိန်းသိမ်းထားသော ရဟန်းရှင်လူ ပြည်သူများအား အမြန်ဆုံး
လွှတ်ပေးရန်လည်း တောင်းဆိုထားသည့် စာများ ပါဝင်သည်”ဟု အာဏာပိုင်နှင့်
နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။
ထိုလှုပ်ရှားမှုများနှင့်ပတ်သက်၍ ဖမ်းဆီးခြင်းမရှိသေးသော်လည်း
ရဲများနှင့် ကြံ့ဖွံ့များအား နေရာအနှံ့ လုံခြုံရေးတပ်ဖြန့်ချထားပြီး
စစ်တွေမြို့တွင်မူ ကျေးရွာများမှ ကြံ့ဖွံ့များကို ခေါ်၍ တင်းကြပ်စွာ
အင်အားဖြည့် ချထားသည်ဟု ဒေသခံတဦးက ပြောသည်။
အခြားမြို့နယ်များတွင် မကျေနပ်မှုများကို ပိုစတာများကပ်၍
ဆန့်ကျင်ပြသနေသော်လည်း မောင်းတောမြို့နယ်တွင် ထိုကဲ့သို့
ငွေကြေးကောက်ခံနေမှုနှင့်ပတ်သက်၍ ဒေသခံများက ကန့်ကွက်ဆန္ဒပြမှု
တစုံတရာမရှိသေးဟု အမည်မဖေါ်လိုသူ ဒေသခံကုန်သည်တဦးက ဆိုသည်။
“အာဏာပိုင်တွေက သူတို့အတွက် ရံပုံငွေလိုတိုင်း စီမံကိန်း၊
စီမံချက်တွေအကြောင်းပြပြီး ကုန်ကျစရိတ်တွေကို ပြည်သူက
မျှဝေပါဝင်ကြရမယ်ဆိုပြီး ငွေကောက်ခံနေကြတယ်”ဟု
မောင်းတောမြို့မှ ကုန်သည်တဦးက ဆိုသည်။
မကြာသေးခင်
ရက်ပိုင်းအတွင်းကလည်း တောင်ကုတ်မြို့တွင် စစ်အစိုးရဆန့်ကျင်ရေးအတွက်
ဆန္ဒပြခဲ့သော လူငယ်နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး မြို့ခံလူထုနှင့်
သံဃာတော်များ ပူးပေါင်းဆန္ဒပြရန် အစီအစဉ်ကိုလည်း အာဏာပိုင်များမှ
ကြိုတင်သတင်းရသွားကာ လုံခြုံရေး တင်းကြပ်စွာ ချထားခဲ့သဖြင့် ဆန္ဒပြပွဲ
ပျက်ပျယ်ခဲ့ရသည်။
စက်တင်ဘာဆန္ဒပြပွဲအား စစ်အစိုးရမှ
အင်အားသုံးနှိမ်နင်းခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ် အတွင်းမှ
ဒေသခံများက စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများအား
စတင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ |