|
အဓမ္မအလုပ်ခိုင်းစေမှုများကြောင့် နေရပ်စွန့်ထွက်ခွာလာစဉ် အဖမ်းခံရ
ဖြိုးကြီး။ ဇန်နဝါရီ ၂၃၊ ၂၀၀၇
နေရပ်မှစွန့်ခွာထွက်ပြေးလာသည့်
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို ထိုင်းရေတပ်က ယမန် နေ့က
အက်ဒမန်ကျွန်းအနီး ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့သည်။
အဓမ္မလုပ်အားပေးခြင်းနှင့် အတင်းအကြပ်
ပြောင်းရွှေ့နေရာချထားမှုကြောင့် ထွက်ပြေးလာသူ ရိုဟင်ဂျာလူမျိုး ၄၃
ဦးကို အက်ဒမန်ပင်လယ်ရှိ လောကျွန်းနှင့် မောကျွန်းနှစ်ခုကြားတွင်
ထိုင်းနိုင်ငံ ရေတပ်ကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း စစ်အစိုးရက
စံပြကျေးရွာတွင် အခြေချ လာရောက်နေထိုင်သူများ အတွက် ဒေသခံများအား
အိမ်ယာများ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေ ဆောက်လုပ်ခြင်းနှင့်
စစ်စခန်းများအတွက် လုပ်အားပေးခိုင်းစေခြင်း များကို ပြုလုပ်လျှက်ရှိရာ
ဒေသခံများ ဒုက္ခ ရောက်ကြရပြီး အချို့မှာ နေရပ်မှ
စွန့်ခွာထွက်ပြေးလျှက်ရှိသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ
ဒေသခံကျေးရွာသားများအား နယ်စပ်လူဝင်မှု စစ်ဆေးကွပ်ကဲရေး
တပ်ရင်း(နစက)၏အမိန့်ဖြင့် အိမ်ဆောက်လုပ်ရေးကရိယာများ ထုတ်ပေးကာ
အိမ်အလုံး ၁၀၀ နှင့် ပွဲစင်တခုအတွက် ယခုလ ပထမအပတ်မှစကာ
နုရူလပါရကျေးရွာမှ တနေ့လျှင် ကျေးရွာ သား ၁၀၀ ဦးအား လုပ်အားပေးရန်
စေလွှတ်ပေးနေရသည်။
ယခုလ (၁၂) ရက်နေ့ကလည်း
ဘူးသီးတောင်မြို့နယ်၊ လက်ဝါးတက် ပုဇွန်ချောင် စစ်တပ်၊ တပ်ရင်းမှူးက
တပ်မင်းချောင်နှင့် ကျော်ဖြူတောင်ကျေးရွာမှ ရွာသားများကို (၂၈)
ရက်နေ့မှ ၅ ရက်ကြာပြုလုပ်မည့် ဇာတ်ပွဲအတွက် ဇတ်စင်ဆောက်လုပ်ရန်အတွက်
သစ်သားတိုင်လုံးနှင့် ဝါးလုံးများကို ယူဆောင်လာရန် အမိန့်ပေးခဲ့သည်။
ထို့အပြင် ရွာအနီးရှိ
စစ်တပ်စခန်းအတွက် နေ့စဉ် မြေပဲခင်းများအား ရေလောင်းပေးရခြင်း၊
လမ်းသန့်ရှင်းရေး လုပ်ပေးရခြင်း၊ ချုံ၊ မြက်များ ရှင်းပေးရခြင်း၊
ထင်းခွဲပေးရခြင်းနှင့် အခြား အထွေထွေအလုပ်များကို နေ့စဉ်
အဓမ္မခိုင်းစေခဲ့သည်ဟု လက်ဝါးတက်မှ ကုန်သည်တဦးက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်းရှိ
ကျေးရွာသားများအား အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ ဆောင်းသီးနှံများ
အဓမ္မစိုက်ပျိုးခိုင်းခြင်းနှင့် စစ်တပ်အတွက် စပါးများဈေးနှိမ်ကာ
ရောင်းချပေးရခြင်းများကြောင့် မကျေမနပ်ဖြစ်နေသည့် ရခိုင်ပြည်နယ်၊
တောင်ကုတ်မြို့နယ် ပြည်သူများက ပြီးခဲ့သည့် အပတ်က ဆန္ဒပြရန်စီစဉ်ခဲ့ရာ
စစ်အစိုးရက လုံခြုံရေးများ တင်းကြပ်စွာ ချထားခဲ့သည့်အတွက်
ဆန္ဒပြမှုအစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ |