|
လူထုတိုက်ပွဲကြီးကြပ်ရေးကော်မတီက
စစ်ခေါင်းဆောင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့
ဗထူး။
ဇန်နဝါရီ ၄၊ ၂၀၀၈

ယနေ့ကျရောက်သည့် နှစ် (၆၀) ပြည့် လွတ်လပ်ရေးနေ့တွင်
လူထုတိုက်ပွဲကြီးကြပ်ရေး ကော်မတီက စစ်အစိုးရခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ လိုက်သည်။
နိုင်ငံတွင်းဖြစ်ပေါ်နေသော ပြဿနာများအား လွတ်လပ်ပွင့်လင်းစွာ
တွေ့ဆုံဆွေးနွေးရေး စတင် ရန် တိုက်တွန်းတောင်းဆိုကာ
အဆိုပါအိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုလွတ်မြောက်ရေးအတွက် အိတ်ဖွင့်ပေးစာအမည်ရှိ အဆိုပါစာတွင်
လက်ငင်း တမျိုးသားလုံး၏ ရေရှည်အကျိုးစီးပွားကို ရှေ့ရှု၍
ပြည်ထောင်စုချစ်စိတ်၊ လူသားတဦးချင်းစီ၏ လွတ်လပ်ခွင့်နှင့်
ဂုဏ်သိဏ္ခာကို လေးစားတန်ဘိုးထားသော ရပ်တည်ချက်များဖြင့် စာကို ပေးပို့
ရခြင်းဖြစ်သည်ဟု ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နအဖခေါင်းဆောင်များအား ရည်ညွှန်းကာ
ကိုလိုနီဘ၀မှ လွတ်လပ် ရေးရခဲ့သည်မှာ နှစ်ပေါင်း (၆၀) ပြည့်ခဲ့သော်လည်း
လွတ်လပ်ရေး၏အရသာကို တင်းပြည့် ကျပ်ပြည့် မခံစားရဘဲ
ပြည်တွင်းစစ်ဒဏ်နှင့် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း စသည့်
လောကပါလတရား ချို့တဲ့သည့် ဝေဒနာကို အလူးအလဲခံစားနေရပြီး
ဆင်းရဲဒုက္ခအပေါင်းမှ ယခုအထိ မလွတ်မြောက်သေးကြောင်း ထောက်ပြထားသည်။
တိုင်းပြည်တွင် ကြုံတွေ့နေရသည့် အကြပ်အတည်းများကို ဖြေရှင်းရန်၊
အမျိုးသားညီညွတ်ရေး ရရန် အရေးကြီးသဖြင့် နအဖစစ်ခေါင်းဆောင်များ၊
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ဒီမိုကရေစီအင်အားစုများ၊
တိုင်းရင်းသားလူမျိုးပေါင်းစုံ လွတ်လပ်ပွင့်လင်းပြီး တန်းတူရည်တူ
တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နည်းလမ်းမှတပါး အခြားမရှိဟုဆိုသည်။
ပြီးခဲ့သည့်အတိတ်ဒဏ်ရာများအား သမိုင်းသင်ခန်းစာအဖြစ်
ပြည်ပုံးကားချခဲ့ပြီး အမျက်အညိုး မထားပဲ မြင်နိုင်ကြရန်မှာ
အသက်နှင့်တမျှအရေးကြီးကြောင်း ပြောဆိုကာ တင်းမာရေး လမ်းကြောင်းပေါ်တွင်
ဆက်လက်တည်ရှိနေပါက နောက်ထပ် လူထုအုံကြွမှုနှင့် သွေးထွက်သံယို မှုများကို
မရှောင်မတိမ်းနိုင်တော့ပဲ ၀င်ရောက်တိုးတိုက်မိမည်မှာ သံသယဖြစ်စရာမရှိဟု
ဆိုသည်။
အဆိုပါ
လူထုတိုက်ပွဲကြီးကြပ်ရေးကော်မတီအား မြန်မာနိုင်ငံလုံးဆိုင်ရာ
သံဃာ့တပ်ပေါင်းစုကြီး၊ တိုင်းရင်းသားလူငယ်များ
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား
သမဂ္ဂများအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊
ငြိမ်းချမ်းရေးလိုလားသော မွတ်စလင်များ အစည်းအရုံး၊
မျိုးဆက်သစ်လူငယ်များအစည်းအရုံး၊ ရှေ့နေများသမဂ္ဂ၊ ကဗျာဆရာများသမဂ္ဂ၊
မျိုးဆက်သစ် သတင်းစာဆရာများသမဂ္ဂ၊
လူထုလှုပ်ရှားမှုဖော်ဆောင်ရေးကော်မတီ(မန္တလေး)၊
ရန်ကုန်တိုင်းလူထုလှုပ်ရှားမှုကော်မတီ၊
စာပေနှင့်အနုပညာရှင်များအဖွဲ့များဖြင့် ပူးပေါင်းဖွဲ့စည်း ထားသည်။
ယင်းပေးစာ၌ပင် နအဖစစ်အစိုးရခေါင်းဆောင်များအနေဖြင့်
ပြည်ထောင်စုအကျိုးကို မျှော်ကိုး ကာ ထင်သာမြင်သာသော တိုးတက်မှုတရပ်အဖြစ်
ဖမ်းဆီးထိန်းသိမ်းခံနေရသော သံဃာ တော်များ၊
တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားလူငယ်များအပါအ၀င်
ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို
ယနေ့ကျရောက်သည့် လွတ်လပ်ရေးနေ့မှ ဖေဖော်ဝါရီလ (၁၂) ရက်
ပြည်ထောင်စုနေ့အတွင်း ချွင်းချက်မရှိ ပြန်လည်လွှတ်ပေးကာ
တွေ့ဆုံဆွေးနွေးရေး အမြန်စတင်ရန် တိုက်တွန်းထားသည်။ |