Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်အစိုးရရေတပ်က နွားတင်သင်္ဘောတစီးကို ရေနစ်မြှုပ်ပြီးဖမ်းဆီး

ရိုးမ ၃။ ဇန်နဝါရီ ၂၁၊ ၂၀၀၈ 

မြန်မာစစ်အစိုးရရေတပ်က နွားများတင်ဆောင်လာသည့် ကုန်တင်သင်္ဘောတစီးကို ကမ်းခြေသို့ မရောက်မီ ရေနစ်မြှုပ်၍ ယခုလ (၁၇) ရက်နေ့တွင် ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ 

နွားကုန်သည်များထံမှ ငွေကို အနိုင်ကျင့်လိုချင်သောကြောင့် ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စက်လှေများကိုလည်း အတင်းငွေညှစ်၍ ပြန်လှည့်ခိုင်းလေ့ရှိသည်ဟု ဒေသခံတဦးက ဆိုသည်။ 

ယခုလ (၁၇) ရက်နေ့တွင် ကျောက်ဖြူကျွန်း၊ ရမ်းဗြဲမြို့မှ ကျွဲ၊ နွားကုန်သည်များသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရောင်းချရန် နွား ၃၈ ကောင်ကို ဘင်္ဂလားပင်လယ်အော် ကို ဖြတ်၍ စက်လှေဖြင့် သယ်ဆောင်လာစဉ် ရသေ့တောင်မြို့နယ်တောင်ပိုင်းအနီးရှိ ဒဗိုလ် ချောင်း မြစ်ဝတွင် အခြေစိုက်သော ရေတပ် တပ်ဖွဲ့တဖွဲ့က စက်လှေကိုဖမ်းဆီးပြီး ဘူးသီးတောင် မြို့သို့ အတင်းမောင်းခိုင်းခဲ့သည်။ 

အဖမ်းခံရသော ကုန်သည်များက ကျောက်ဖြူမြို့နယ်အခြေစိုက် ဓညဝတီရေတပ်သို့ ပေးသွင်း ခဲ့သော အခွန်စာရွက်စာတမ်း အထောက်အထားများ ပြသခဲ့သော်လည်း ပြန်မလွှတ်သည့်အပြင် ဘူးသီးတောင်ဆိပ်ကမ်းမရောက်မီ မေယုမြစ်ထဲတွင် ဇန်နဝါရီလ (၁၈) ရက်၊ နေ့လည် (၁၁)နာရီခန့်က စက်လှေကို ရေနစ်မြှုပ်ပစ်လိုက်သည့်အတွက် နွား ၃၈ ကောင် သေဆုံးခဲ့သည်။ 

နွားအသေကောင်များကို ဘူးသီးတောင်မြို့သို့ သယ်ဆောင်ခဲ့ပြီး အနီးအနားရွာများမှ ရွာသား များကို အတင်းအဓမ္မခေါ်၍ ပြည်တွင်းသားငါးဈေးဆိုင်များတွင် ရောင်းချရန် တညလုံး နွား အသေကောင်များကို ဖျက်ခိုင်းခဲ့သည်။ ၎င်းအသားများကို (၂၀) ရက်နေ့တွင် ဘူးသီးတောင်ဈေး အတွင်း၌ ရောင်းချခဲ့သည်။  

အသားများ ရောင်းချ၍ရသော ငွေများကို နွားကုန်သည်များအား ပြန်လည်ပေးခြင်းရှိမရှိနှင့် ရေတပ်ဖွဲ့၏ တရားမဝင် အပိုဝင်ငွေအနေဖြင့် ရရှိသည်ဆိုသည်ကို မသိရကြောင်း အခြားဈေး အတွင်းမှ ကုန်သည်တဦးက ပြောသည်။  

အမဲသားတပိဿာကို ၅,၀၀၀ ကျပ်ဖြင့် ရောင်းချသော်လည်း ယခုရေနစ်သေသည့်အတွက် တပိဿာလျှင် ၃,၀၀၀ ကျပ်မှ ၄,၀၀၀ ကျပ်အကြား ရောင်းချခဲ့သည်။  

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးသဘောတူညီချက်အရ မြန်မာနိုင်ငံမှ ကျွဲ၊ နွားများကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်သော်လည်း ယခုကဲ့သို့ ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်လျှက် ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org