Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

၈၈ ကျောင်းသားခေါင်းဆောင်များအား စွဲချက်တင်

ဗထူး။ ဇန်နဝါရီ ၂၉၊ ၂၀၀၈ 

ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များကို ဆူပူအကြမ်းဖက်မှုဖြစ်ရန် လှုံ့ဆော် စာရွက်စာတမ်းများ ဖြန့်ဝေမှုဖြင့်  မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေရေးအက်ဥပဒေအရ တရားစွဲဆို ထားသည်။ 

၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၀၇ ခုနှစ်၊ သြဂုတ်လက လောင်စာဆီဈေးနှုန်းမြင့်တက်မှု ကို ဆန္ဒပြခဲ့ပြီး စစ်အစိုးရမှ တည်ဆဲဥပဒေအရဟုဆိုကာ ဖမ်းဆီးပြီးနောက် ယခုကဲ့သို့ သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ပုံနှိပ်အက်ဥပဒေ ပုဒ်မ (၁၇) သည် မှတ်ပုံမတင်ဘဲပုံနှိပ်ခြင်းကို စွဲဆိုသည့် ပုဒ်မဖြစ်ပြီး အနည်း ဆုံး ထောင်ဒဏ် (၁) နှစ်မှ (၇) နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ်သုံးထောင်မှ သုံးသောင်းထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ပြီး ပုံနှိပ်ဥပဒေ ပုဒ်မ (၂၀) သည် ပြဌာန်းထားသည့် နည်းဥပဒေအမိန့်ကို မနာခံဘဲ ဆောင်ရွက်ခြင်းဖြစ်၍ အနည်းဆုံး ထောင်ဒဏ် (၁) နှစ်မှ (၇) နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ်သုံးထောင်မှ သုံးသောင်းထိဖြစ်စေ ချမှတ်နိုင်ကြောင်း  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကျိုးဆောင်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။ 

လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် ကန့်ကွက်ဆန္ဒပြခဲ့သူ ကိုမင်းကိုနိုင်အပါအဝင် ခေါင်းဆောင် ၁၆ ဦးကို စစ်အစိုးရက တရားစွဲဆိုပြီး ထောင်ဒဏ် (၇) နှစ် ချမှတ်နိုင်ဖွယ်ရှိ ကြောင်း ထောင်ဝန်ထမ်းတဦးက ယနေ့ ပြောဆိုလိုက်သည်။  

၂၀၀၇၊နှစ်၊  သြဂုတ်လက ပြည်သူတို့စားဝတ်နေရေး ကြပ်တည်းစေမည့် လောင်စာဆီဈေးနှုန်း မြင့်တက်မှုကို ရန်ကုန်မြို့တွင် ကန့်ကွက်ဆန္ဒပြရန် လှုံ့ဆော်သည့်ကိစ္စနှင့်ပတ်သက်ပြီး ပြင်းထန် စွာ တရားစွဲဆိုခံရခြင်းကို အတိအကျမသိရသေးခင် ၎င်းတို့အား ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ 

“ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျွန်တော် အင်းစိန်ထောင်ကို ထောင်ဝင်စာသွားတွေ့တာ၊ တရားစွဲတာနဲ့ ပတ်သက်လို့တော့ ဘာမှမကြားရသေးဘူး” ဟု ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်က ပြောဆိုခဲ့သည်။ 

ကျောင်းသားခေါင်းဆောင်များသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ နောက်ပိုင်း ထောင်ထဲတွင် နှစ်ရှည်ကျခံခဲ့ရသူများဖြစ်သည့်အတွက် ပုံမှန် ဆေးဝါးမှီဝဲကုသခံနေရဆဲဖြစ်ပြီး အဖမ်းခံနေရသူများနှင့် ပတ်သက်၍ ကျန်းမာရေး သိပ်မဆိုးဝါးသေးဟု ကိုအောင်က ဆက်လက် ပြောဆိုသည်။ 

ရှေ့နေ ဦးအောင်သိန်းက “သူတို့အုပ်စုကို အင်းစိန်ထောင်ထဲမှာ တံခါးပိတ် တရားရုံးစစ်ဆေးပြီး တရားစွဲဆိုပြစ်ဒဏ်ချလိမ့်မယ်” ဟု ပြောသည်။ 

လောင်စာဆီဈေးနှုန်းမြင့်တက်မှု ကန့်ကွက်ဆန္ဒပြမှုအား အကြမ်းဖက်နှိပ်ကွပ်မှု မတိုင်မီ နိုင်ငံ ရေးနှင့် ဘာသာရေး ယုံကြည်ချက်များကြောင့် လူ ၁၁၀၀ ထက်မနည်း အကျဉ်းထောင်များထဲ တွင် ကျခံနေရသည်ဟု ဆိုသည်။ 

ဗုဒ္ဓဘာသာဘုန်းတော်ကြီးများဦးဆောင်ကာ ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြ ခဲ့သော စက်တင်ဘာလှုပ်ရှားမှုနောက်ပိုင်း လူ ၇၀၀ ခန့်ကို ပြန်မလွှတ်သေးဘဲ ဖမ်းဆီး ထိန်းသိမ်းထားဆဲရှိကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ဆိုသည်။ 

လန်ဒန်အခြေစိုက် လူ့အခွင့်အရေးဖွဲ့များက ပျောက်ဆုံးနေသူ လူ ၈၀ ကျော် ရှိသေးသည်ဟု ဆိုသည်။ 

အဆိုပါ ပျောက်ဆုံးသေဆုံးနေသူများနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က စစ်အစိုးရအား တရားဝင် ထုတ်ပြန်ပေးရန် တောင်းဆိုထားသော်လည်း ယနေ့အထိ ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org