|
စာပေဂီတပညာရှင်များ
သဘောထားကြေငြာချက်ထုတ်ပြန်
ဖြိုးကြီး။
ဇန်နဝါရီ ၂၆၊ ၂၀၀၇
နအဖစစ်အစိုးရက စာနယ်ဇင်းများတွင်
လွတ်လပ်စွာ စာပေရေးသားဖန်တီးခွင့်ကို တရားမဲ့
ပိတ်ပင်ဖမ်းဆီးနေမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ
စာပေဂီတအနုပညာရှင်များက ကြေငြာချက်တစောင်ကို ယနေ့ ထုတ်ပြန်ခဲ့သည်။
ရွှေဝါရောင်လူထုလှုပ်ရှားမှုအတွင်း
ပြည်သူများနှင့် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြပြီး လူထုကို
ထင်ဟပ်စေသော စာပေးများ ရေးသားကြသော အနုပညာရှင်များကို
လိုက်လံဖမ်းဆီးနေခြင်း များကြောင့် ယခုကဲ့သို့
ကြေငြာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နအဖစစ်အစိုးရသည်
“အမျိုးသားဂုဏ်သိက္ခာနှင့် တန်ဖိုးကို တိုင်းတာသတ်မှတ်ရာတွင် စာပေ၊ ဂီတ၊
အနုပညာအဆင့်အတန်းသည် အဆုံးအဖြတ်ပေးနိုင်သော စံနှုန်းများဖြစ်သည်” ဆိုသော
အချက်ကို မျက်ကွယ်ပြုခဲ့ပြီး ပြည်သူတို့၏ နားမျက်စေ့တို့အား
အမှောင်ချထားခြင်းတို့ကို တောက်လျှောက်ကျူးလွန်ခဲ့သည်။
မိမိယုံကြည်ရာ ခံစားချက်များကို
ရိုးသားစွာ ရေးဖွဲ့တင်ပြကြသော အနုပညာရှင်များနှင့် သတင်း မှန်ကို
ရေးသားဖော်ပြကြသော သတင်းစာဆရာများကို ဖမ်းဆီးခြင်း၊ အတင်းအဓမ္မ အလုပ်မှ
ထုတ်ပစ်စေခြင်း စတဲ့ တရားမဲ့ ကျူးလွန်နေမှုများကို စာပေဂီတပညာရှင်များက
ပြင်းထန်စွာ ကန့်ကွတ်ရှုတ်ချကြောင်းကို ထိုကြေငြာချက်တွင်
ဖော်ပြထားသည်။
လက်ရှိမြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်
သတင်းမှောင်ချခံရမှုအများဆုံးနှင့် အနုပညာဖန်တီးခွင့် လွတ်လပ်မှု
အနည်းဆုံး နိုင်ငံအဆင့်သို့ ကျရောက်ခဲ့ပြီး စာပေဂီတပညာရှင်များကို
ရန်သူသဖွယ် သဘောထားကာ အမျိုးမျိုး ဖိနှိပ်ကန့်သတ်မှုများကို
ပြုလုပ်ခြင်းခံနေသည်။
ယခုလ (၂၂) ရက်နေ့က တနင်္လာနေ့
အပတ်စဉ်ထုတ် အချစ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် “ဖေဖော်ဝါရီဆယ့်လေး”
အမည်ရှိ အချစ်ကဗျာကို ရေးသားခဲ့သော ကဗျာဆရာ စောဝေနှင့် အချစ်ဂျာနယ်
အယ်ဒီတာတို့ကို စစ်အစိုးရအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ |