|
ဖန်မီးအိမ်ရှင်ကဗျာဆရာ ကွယ်လွန်ခြင်းတနှစ်ပြည့်
ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပ
ရိုးမ ၃။ ဇန်နဝါရီ ၂၄၊ ၂၀၀၈

ဖန်မီးအိမ်ရှင်
ကဗျာဆရာကြီးဦးတင်းမိုး
ကွယ်လွန်ခြင်းတစ်နှစ်ပြည့်အခမ်းအနားကို ကဗျာ၊ စာပေမြတ်နိုးသူများက
ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့က ကျင်းပခဲ့သည်။
ထိုအခမ်းအနားကို
ဒေါင်းရင်ပြင်တွင် ကျင်းပ၍ “ဧည့်သည်ကြီး ဖန်မီးအိမ်ကိုထားခဲ့ပြီ”ဟု အမည်
ပေးထားကာ ပရိသတ် ၇၀ ခန့် တက်ရောက်ကြပြီး ကဗျာရှင် ဆရာတင်မိုး၏
အတ္ထုပ္ပတ္တိ အကြောင်းနှင့် သူရေးသားခဲ့သော ကဗျာများကို အမှတ်တရ
ရွတ်ဆိုပြီး ဂုဏ်ပြုခဲ့ကြသည်။
ဖန်မီးအိမ်ရှင်နှင့်ပတ်သက်၍
ကဗျာဆရာကိုလွမ်းဏီက “ဆရာကြီးက ဒီအချိန်ကာလဆိုရင် ဒီနေရာကို
သူ့ရဲ့မွေးရပ်မြေလို သဘောထားပြီးတော့ လာတတ်တယ်။ ရောက်လာရင်လည်း သူ့ရဲ့
ဇာတိရဲဘော်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းက
ရဲဘော် တွေနဲ့ လာပြီး အမြင်တွေဖလှယ်၊ သူ့ရဲ့အတွေ့အကြုံတွေကို
သွန်သင်လမ်းပြပေးတာ၊ ဆရာကြီးက နှစ်စဉ်လာနေကျပေါ့နော်။ မနှစ်ကတော့ သူ
မလာနိုင်တော့ဘူးပေါ့”ဟု ဆိုသည်။
ဆရာကြီးဦးတင်မိုးကို ၁၉၃၃ တွင်
တောင်သာမြို့နယ်၊ ကန်မြဲကျေးရွာတွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ
ဦးဘဂျမ်းဖြစ်သည်။ တင်မိုးကလောင်အမည်ဖြင့် ၁၉၅၈ ခုနှစ်တွင် စတင်
ရေးသားခဲ့ပြီး “ဖန်မီးအိမ်ကဗျာများ” ခေါင်းစဉ်ဖြင့် ၁၉၅၉ တွင်
အမျိုးသားစာပေဗိမာန်ဆုကို ရရှိခဲ့သည်။
ဆရာကြီးသည်
ရှစ်လေးလုံးအရေးတော်ပုံတွင် လူထုနှင့် လက်တွဲပါဝင်ခဲ့သောကြောင့်
စစ်အစိုးရ ၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။
ထောင်မှလွတ်ပြီးနောက် ၁၉၉၉ ခုနှစ်တွင် ပြည်ပသို့ ထွက်ခွါခဲ့ပြီး
စာပေများ ဆက်လက် ရေးသားခြင်း၊ ပြည်ပသတင်းဌာနများတွင်
ဟောပြောချက်များထုတ်လွှင့်ခြင်း အစရှိသဖြင့် မြန်မာ့ဒီမိုကရေစီအရေးအတွက်
ကလောင်လက်နက်ဖြင့် တိုက်ပွဲဝင်သွားခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ
(၂၃) ရက်နေ့တွင် အမေရိကန်နိုင်ငံ၌ ကွယ်လွန်ခဲ့သည်။ |