|
မြန်မာနိုင်ငံကို
ကုလသမဂ္ဂကျန်းမာရေးအစီအစဉ်အတွက် ဂျပန်နိုင်ငံမှ
ငွေကြေးထောက်ပံ့ရန်စီစဉ်နေ
ဉာဏ်မောင်။
ဇန်နဝါရီ ၁၅၊ ၂၀၀၈
ကုလသမဂ္ဂစီမံချက်အရ မြန်မာနိုင်ငံကို ဂျပန်အစိုးရမှ
ငွေကြေးအကူအညီပေးမည်ဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်ဒေါ်လာ သန်း ၁.၇၉ တန်ဖိုးရှိ အဆိုပါထောက်ပံ့မှုကို
မိခင်နှင့်ကလေး ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်
အသုံးပြုရန်အတွက် ကူညီပေးခြင်းဖြစ်သည်။
၎င်းစီမံချက်သည် မြန်မာ-ဂျပန်အစိုးရများနှင့် UNICEF တို့က အထူးသဖြင့်
ကျေးလက်ဒေသ များမှ မိခင်နှင့် ကလေးများ ကျန်းမာရေးတိုးတက်မှုအတွက်
ရည်ရွယ်၍ လုပ်ကိုင်သော ဖွံ့ဖြိုးရေး လုပ်ငန်းတခု ဖြစ်သည်။
ထိုအစီအစဉ်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ယဆူအာကီ
နိုဂါဝါနှင့် မြန်မာနိုင်ငံ ဆိုင်ရာ UNICEF ဌာနေကိုယ်စားလှယ် မစ္စတာ
ရမ်မက်ခ်ျ ရှရက်စ်သာတို့သည် ရန်ကုန်မြို့ ဟော်တယ်တခုတွင် တနင်္လာနေ့က
လက်မှတ်ရေးထိုးခဲ့ကြကြောင်း ရန်ကုန်မြို့ရှိ ဂျပန်သံရုံးမှ
သတင်းထုတ်ပြန်ခဲ့သည်။
စက်တင်ဘာသံဃာ့လှုပ်ရှားမှုအတွင်း ဂျပန်သတင်းထောက် မစ္စတာ ကင်နာဂျီအိအား
စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်
ပစ်သတ်ခဲ့ပြီးနောက်ပိုင်း ဂျပန်အစိုးရက မြန်မာ စစ်အစိုးရအပေါ်
ထောက်ပံ့နေသည့် (အိုဒီအေ)အကူအညီအား ဖြတ်တောက်ခဲ့ပြီးနောက်ပိုင်း
ယခုထောက်ပံ့မှုကို လူသားချင်းဆိုင်ရာ အကူအညီအဖြစ်
စတင်ပေးအပ်ခြင်းဖြစ်သည်။
စစ်အစိုးရ၏
မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့တွင် စစ်အစိုးရ
ထိပ်ပိုင်းခေါင်းဆောင်များ၏ ဇနီးများ ပါဝင်နေလျှက်ရှိရာ
အဆိုပါထောက်ပံ့မှုများ အမှန်တကယ် လိုအပ်နေသူများထံ ရောက်မရောက်ကိုမူ
စောင့်ကြည့်ရအုံးမည်ဖြစ်သည်။ |