Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

(၅၉)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ ကျင်းပ

ရိုးမ ၃။ ဇန်နဝါရီ ၃၁၊ ၂၀၀၈ 

(၅၉)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး(KNU) မှ (KNLA) ထိန်းချုပ်ထားရာ တပ်မဟာ (၇) နယ်မြေတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။ 

ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ကရင်ခေါင်းဆောင်များနှင့် တိုင်းရင်းသားများ၊ မဟာ မိတ်အဖွဲ့စည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)  ဂုဏ်ပြုတပ်ဖွဲ့က စစ်ရေးပြအခမ်းအနားနှင့် ချီတက်၍ ကရင့်အလံတော်ကို အလေးပြုခဲ့ကြသည်။ 

ကရင့်အမျိုးသားတော်လှန်ရေးသည် တရားသော တော်လှန်ရေးဖြစ်ပြီး မဟာလူမျိုးကြီးဝါဒ ကျဆုံးရေး၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ အမိကရင်ပြည်ကြီး ပြန်လည်ရရှိရေး၊ ကရင့် အမျိုးသားနိုင်ငံရေး ဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊  မြန်မာနိုင်ငံအ၀ှမ်း ဒီမိုကရေစီနှင့် လူ့အခွင့်ရေး ပြန်လည်ရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးတို့အတွက် တိုက်ပွဲဝင်ခြင်းဖြစ် ကြောင်း ပြည်ပရောက် ကရင်လူငယ်တဦးက ပြောကြားခဲ့သည်။ 

ဆက်လက်၍ အခမ်းနားတွင် (KNU)အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာက ကရင်အမျိုးသား များအား (နအဖ)စစ်အစိုးရက စစ်ဆင်ရေး အပြင်းအထန် ထိုးစစ်ဆင်လာမှုနှင့်ပတ်သက်
“(KNU)နဲ့ ကရင်ပြည်သူအပေါ်မှာ အပြင်းအထန် ဆက်ပြီး စစ်ဆင်နေမယ်ဆိုရင် ကျနော်တို့က ဆက်ပြီးတော့ တော်လှန်ရေးလုပ်ရမှာပဲ၊ ခုခံသွားမှာပဲ။ ကျနော်တို့ကတော့ စစ်ဆင်ရေးတွေကို ရပ်ဆိုင်းပြီးတော့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်ကို အမြန်တက်လာပါလို့ တောင်းဆိုတာဖြစ်တယ်။ ကျနော်တို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တယ်။ အဲလိုမှမဟုတ် သူတို့က ဆက်တိုက်နေမယ်ဆိုရင်တော့ ကျနော်တို့က ထိုးစစ်တွေကို ခုခံဖျက်ဆီး ပစ်ရမှာပဲ”ဟု ဆိုသည်။ 

စစ်အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရန် ကရင့်တော်လှန်ရေး ဆင်နွှဲနေခြင်းဖြစ်ပြီး အညံ့ခံရေးဝါဒနှင့် စည်းလုံးညီညွတ်ရေး ဖြိုခွဲတဲ့ လုပ်ရပ်များအား ပြတ်ပြတ်သားသား ဆန့်ကျင် ပြီး နိုင်ငံရေးရပ်တည်ချက် ခိုင်မာရန်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုအားလုံး စည်းလုံးညီညွတ်၍ လူထုတိုက်ပွဲပုံသဏ္ဌာန်ပေါင်းစုံကို ကိုင်စွဲသွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။ 

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကရင်-ဗမာ တန်းတူရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်မှုကို  စစ်အာဏာရှင်များက ဖြိုခွဲခဲ့ပြီးနောက်ပိုင်း ကရင့်အမျိုးသားတော်လှန်ရေးအား ၁၉၄၉ ခုနှစ်တွင် လက်နက်ကိုင်တိုက်ပွဲနှင့်ပေါင်းစပ်ကာ စတင်ခဲ့ခြင်းဖြစ်သည်။
 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org