|
နေဘုန်းလတ်အတွက် ဘလော့ဂါများ
စုပေါင်းစာရေးသား
ဗထူး။
ဖေဖော်ဝါရီ ၆၊ ၂၀၀၈

မကြာသေးမီက
စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရသည့် ဘလော့ဂ်ရေးသားသူ
ကိုနေဘုန်းလတ်၏ “ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်”
အမည်ရှိဘလော့ဂ် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံတကာမှ
ဘလော့ဂ်ရေးသားသူများက ကိုနေဘုန်းလတ်သို့ စာတစောင် ယနေ့ရေးသားလိုက်သည်။
သံဃာတော်နှင့်ပြည်သူများအား ရက်စက်စွာ ဖြိုခွဲခဲ့ခြင်းကို
နိုင်ငံတကာမှသိရှိအောင် လုပ်ခဲ့ခြင်းကြောင့် စစ်အစိုးရက မီဒီယာသမားကို
ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီနေရာမှ ကိုနေဘုန်းလတ်ကို
ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလှုပ်ရှားမှုအား နိုင်ငံတကာမှသိရှိအောင် မြန်မာလူငယ်ဘလော့ဂါများက
အင်တာ နက်စာမျက်နှာမှ သတင်းနှင့်ဓါတ်ပုံများ ပေးပို့ခဲ့သည့်အတွက်
ကမ္ဘာမှ စစ်အစိုးရ၏ရက်စက်မှု များကို အံ့သြတုန်လှုပ်ဖွယ်
မြင်တွေ့ခဲ့ရသည်။
ဇန်နဝါရီလ
(၂၉) ရက်နေ့က စတင်ထိန်းသိမ်းခံထားရသည့် မြန်မာဘလော့ဂါ ကိုနေဘုန်းလတ် ၏
“ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်” ဘလော့ဂ် စတင်ရေးသားခြင်း
တစ်နှစ်ပြည့် အထိမ်း အမှတ်အဖြစ် မြန်မာဘလော့ဂါများ
စုပေါင်းရေးသားထားသည့် အမှတ်တရ post တစ်ခုကို ယနေ့
ဆင်တူလွှင့်တင်ထားကြသည်။
“နေဘုန်းလတ်သို့” ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါ post တွင်
ကိုနေဘုန်းလတ်၏ ဘလော့ဂ်အကြောင်း၊ သူဖြတ်သန်းခဲ့သည့် ဘလော့ဂါဘဝနှင့်
ရေးဖေါ်ရေးဘက်များက သတိတရရှိနေကြောင်းကို ရိုးရိုးရှင်းရှင်းသာ
ဖေါ်ပြထားခဲ့သည်။
ယနေ့မနက်ခင်းတွင် ဘလော့ ၅၀ ခန့်က တပြိုင်နက်တည်း ရေးသားတင်ဆက်ထားပြီး
အရေအတွက်မှာ ဆက်လက်တိုးပွားလာနေဆဲဖြစ်ကြောင်း သိရသည်။
ကိုနေဘုန်းလတ်ဟာ လူချစ်လူခင်ပေါများပြီး ဘလော့ဂါတွေကို
သံယောဇဉ်ကြီးသူဖြစ်ကြောင်း၊ အခုလို ဘလော့ဂါတစ်ယောက်အတွက်
စုပေါင်းပို့စ်တင်ခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူဟာ အခုလို
အထိမ်းအမှတ်မျိုးနဲ့ ထိုက်တန်ပါကြောင်း
သူ့သူငယ်ချင်း ဘလော့ဂါတစ်ယောက်က ပြောသည်။
“ဘလော့ပေါ်မှာတော့ ကျွန်တော်တို့အချင်းချင်း နှုတ်ဆက်ချင်ရင် Comment,
Shout Box စတာတွေကို သုံးကြတာပေါ့။ Comment ရေးတယ်ဆိုတာ ပို့စ်တင်ပေးမှ
ရေးလို့ရတာပါ။ ကျွန်တော်တို့က အခုလို ဘလော့တစ်နှစ်ပြည့်တာတို့၊
မွေးနေ့တို့ စတာတွေမှာ ထူးခြားတဲ့ ပို့စ်လေးတွေ တင်လေ့ရှိပါတယ်။ အခု
နေဘုန်းလတ် ဘယ်ရောက်နေတယ်၊ ဘာဖြစ်နေတယ် မသိရသလို သူလည်း
ပို့စ်တင်ဖြစ်မှာ မဟုတ်ပါဘူး” ဟု သူက ဆက်ပြောသည်။
Comment
ရေးမရမည့်အတူတူ ၀ိုင်းပြီးပို့စ်တင်ပေးမည်ဆိုကာ လုပ်လိုက်ခြင်းဖြစ်ပြီး
ကိုနေဘုန်းလတ်အား သတိရသူများအားလုံး ပါဝင်ရေးကြသည့်အစီအစဉ်ဖြစ်ကာ
မြန်မာ ဘလော့ဂါ (၇၀) ရာနှုန်းက တင်ပြကြမည်ဖြစ်ပြီး ဘလော့ဂါများ၏
စည်းလုံးညီညွတ်မှုကိုလည်း ပြရာရောက်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ |