|
သီးလေးသီးက
ပြည်သူဘက်မှရပ်တည်မည်ဟုဆို
ရိုးမ ၃။ ဖေဖော်ဝါရီ ၂၊ ၂၀၀၈

လူရွှင်တော်ဇာဂနာ ထူထောင်ခဲ့သည့်
သီးလေးသီးအငြိမ့်အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်တနေရာ တွင် ယမန်နေ့ညက
ကပြဖျော်ဖြေခဲ့သည်။
နိုင်ငံတကာသို့ လှည့်လည်မည့်
အစီအစဉ်များအနက် ယခုကဲ့သို့ ထိုင်း-မြန်မာနယ်စပ်သို့
ရောက်ရှိလာခြင်းဖြစ်သည်။
စစ်အစိုးရအားသရော်သည့်
ပြက်လုံးများ
ပြက်ခဲ့သည့် အဆိုပါအဖွဲ့အား တချို့သော လေ့လာသူ များက
နိုင်ငံရေးခိုလှုံခွင့်နှင့်ပတ်သက်၍ စဉ်စားနေကြသည်ဟု ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကိုစိန်သီးက “ကျနော်တို့က
အနုပညာသမားတွေလေ၊ အနုပညာ သမားတွေဆိုတော့ အနုပညာအလုပ်ကိုပဲ အဓိကထားပြီး
လုပ်တယ်လေ၊ အဲဒီအလုပ်ကိုပဲ ဆက်လုပ်သွားမယ်။ နိုင်ငံတိုင်းကဖိတ်ရင်
ဖိတ်တဲ့နိုင်ငံကို ကျနော်တို့က သွားမယ်၊ သွားကပြီးရင် ကျတော်တို့က
စထွက်လာကတည်းက ကျနော်တို့ အမေ့ရင်ခွင်ထဲက ထွက်လာတာလေ၊ ပြန်ရင် လည်း
အမေ့ရင်ခွင်ကိုပဲ ပြန်မှာပါ။ ကျနော်တို့ ခုနှစ်ယောက်စလုံးက ဘယ်နိုင်ငံက
နိုင်ငံကြီးလို့ ဘယ်နိုင်ငံက အဆင်ပြေလို့ ဘယ်နိုင်ငံကတော့ ငါတို့နဲ့
သင့်တော်တယ်ဆိုပြီးတော့ ကျနော်က မနေခဲ့ပါဘူး။ ပြန်မှာပါ အကုန်လုံးက
ပြန်မှာပါ”ဟု ဆိုသည်။
တိုင်းပြည်သို့ ပြန်သည့်အလုပ်သည်
သူတို့အလုပ်ဖြစ်ပြီး နောက် ဖြစ်ပေါ်လာမည့်အလုပ်သည် သူတို့အလုပ်ဟုဆိုကာ
မြန်မာပြည်အတွင်းသို့ပြန်လျှင် ပြည်သူအား အသိပေးပြီးမှ ပြန်မှာဖြစ်
ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရအနေဖြင့် ၎င်းတို့အား
ဆန့်ကျင်မှုမှန်သမျှအား ဖိနှိပ်ကာ ထောင်တွင်းအကျဉ်းချမှုများ
ပြုလုပ်လျှက်ရှိရာ ယခု သီးလေးသီးအငြိမ့်အဖွဲ့
ပြက်လုံးများနှင့်ပတ်သက်၍
အများပြည်သူများမှ ၎င်းတို့ ပြည်တွင်းပြန်လည်ဝင်ရောက်နိုင်ရေးအတွက်
စိုးရိမ်လျှက်ရှိသည်။
“အဆိုးဆုံးကို တွေးထားရင်တော့
အဆိုးဆုံးတွေ ဖြစ်မှာပေါ့နော်၊ အကောင်းဆုံးတွေကို တွေးထားရင်တော့
အကောင်းဆုံးတွေဖြစ်မှာပေါ့။ ဒါပေမဲ့ သမီးကတော့ အားလုံးကို တွေးထား
ပါတယ်။ သမီးရဲ့ခံယူချက်ကတော့ ဒါ အနုပညာလုပ်တာ၊ အနုပညာလုပ်တဲ့အတွက် ဘာမှ
မဆိုင်ဘူးလို့ ထင်တယ်။ အများကြီး တွေးမထားပါဘူး”ဟု မင်းသမီး မြစပယ်ငုံက
ဆိုသည်။
လူရွှင်တော် ကိုဇာဂနာနှင့်အဖွဲ့သည်
၁၉၈၈ လူထုအုံကြွမှုမတိုင်မီကပင် ပြည်သူအကြားတွင် အုပ်ချုပ်သူများနှင့်
ပတ်သက်၍ ပျက်လုံများထုတ်ခဲ့ခြင်းအတွက် လူထုထောက်ခံမှု အပြည့်အဝ
ရရှိခဲ့သည့် အငြိမ့်အဖွဲ့ဖြစ်ခဲ့သည်။
“သတ္တိရှိတယ်လို့ ပြောရမလား၊ သမီးကတော့
အနုပညာကိုဖျော်ဖြေတဲ့အတွက် အနုပညာသတ္တိ တော့ ရှိတယ်။
အဲဒီအတွက်ကြောင့်မို့ အားလုံးပြင်ဆင်ထားပါတယ်။ စီစဉ်ထားတယ်ဆိုတာက အခု
သီးလေးသီးနဲ့လာတယ်ပေါ့၊ တဖွဲ့လုံးကို တခုခုလုပ်မယ်ဆိုရင် သမီးတို့က
အဖွဲ့သားတွေ ဆိုတော့ တသွေးတည်း တသားတည်းပါပဲ”ဟု မင်းသမီး မြစံပယ်ငုံက
ဆက်လက် ပြောဆိုခဲ့ သည်။ |