|
စစ်အစိုးရက
ဆန္ဒခံယူပွဲကိုဝေဖန်လျှင် ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ကြေညာ
ရိုးမ ၃။
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၈
စစ်အစိုးရအာဏာပိုင်များက မေလတွင် ကျင်းပပြုလုပ်မည့် ဆန္ဒခံယူပွဲကို
ဝေဖန်လျှင် ထိရောက်စွာ ဖမ်းဆီးပြီး အရေးယူထောင်ချမည်ဖြစ်ကြောင်း
ဗုဒ္ဓဟူးနေ့က ကြေညာလိုက်သည်။
ယခုနှစ်
မေလတွင် လူထုဆန္ဒခံယူပွဲပြုလုပ်ပြီး ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို
၂၀၁၀ ခုနှစ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ယခုလအစောပိုင်းက
ကြေညာခဲ့ပြီးနောက် ဤကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။
အခြေခံဥပဒေသစ်အတွက် ဆန္ဒခံယူပွဲအကြောင်း ဝေဖန်သည့်
ကြော်ငြာစာရွက်ဖြန့်ဝေခြင်း၊ သို့မဟုတ် လူထုအား
ဟောပြောလှုံ့ဆော်ခြင်းပြုလုပ်ခြင်း၊ ဆန္ဒခံယူပွဲအား ပျက်စီးရန် ကြိုးပမ်း
အားထုတ်သူ၊ နှောင့်ယှက်ဟန့်တားမှုပြုလုပ်သူ၊ ကူညီဆောင်ရွက်ပေးသူ
မည်သူတဦး တယောက်ကိုမဆို ထောင်ဒဏ်(၃)နှစ်အထက်
ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်းနှင့် ဒဏ်ငွေ တသိန်းကျပ် ပေးဆောင်ရမည်ဟု
အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ဗုဒ္ဓဘာသာဘုန်တော်ကြီးများ၊ ဘာသာရေးဆရာများ(သင်းအုပ်၊ ဗလီဆရာ)နှင့်
စိတ်မနှံ့သူများ၊ အသက် ၁၈ နှစ် မပြည့်သေးသူများ၊ ပြည်ပရောက်နေသူများသည်
ရွေးကောက်ပွဲနှင့် ဆန္ဒခံယူ ပွဲတွင် မဲပေးခွင့်မရှိဟု ပြဌာန်းထားသည်။
(မဲမပေးမီ အနည်းဆုံး တပတ်အထက် တိုင်းပြည်တွင် ရှိနေသူဖြစ်ရမည်)
လျှို့ဝှက်မဲများကို မျက်မြင်သက်သေ အနည်းဆုံး ၁၀ ဦး ရှေ့မှောက်တွင်
စစ်ဆေးရေတွက်မည်ဖြစ်ပြီး လျှို့ဝှက်မဲပုံးနှင့်
လျှို့ဝှက်မဲစာရွက်တို့ကို ဖျက်ဆီးနှောင့်ယှက်လျှင် လည်း
၎င်းရာဇဝတ်မှုမြောက်သည်ဟု ကြေညာထားသည်။
၎င်းအခြေခံဥပဒေဆန္ဒခံယူပွဲအတွက် အဖွဲ့ဝင် (၄၅) ဦးပါဝင်သော ကော်မရှင်ကို
ဖွဲ့စည်းထားပြီး ဥပဒေပြဌာန်းထားကြောင်း အင်္ဂါနေ့က ကြေညာခဲ့သည်။
လျှို့ဝှက်ဆန္ဒမဲပေးခြင်းမတိုင်မီ အနည်းဆုံး ၂၁ ရက်အလိုတွင်
ဆန္ဒခံယူပွဲရက်ကို ကြေညာမည်ဖြစ်သည်ဟု ဖေါ်ပြထားသည်။
၎င်းအပြင်
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားနှင့်လက်ထပ်ခဲ့ပြီး
သားနှစ်ယောက်မှာ နိုင်ငံခြားပတ်စ်ပို့ ကိုင်ဆောင်ထားသဖြင့်
ဝင်ရောက်ခွင့်မရှိကြောင်းနှင့် “အခြေခံဥပဒေအပိုဒ်(၁၀၅) အရ
နိုင်ငံတော်တွင် တခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့သာ ရှိရမည်ဆိုသည့်အတွက်
ကြောင့် အပစ်အခတ်ရပ်စဲရေးယူထားသော တိုင်းရင်းသား
လက်နက်ကိုင်အင်အားစုများမှာ လက်နက်စွန့်လွှတ်ရလိမ့်မည်” ဟု
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး
လက်နက်ကိုင်တော်လှန် ရေးအဖွဲ့ (PPLO)ဥက္ကဋ္ဌ
ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောခဲ့သည်။ |