|
မြန်မာပြည်သူများထံ ရေဒီယိုအရောက်ပေးပို့
ရိုးမ ၃။ ဖေဖော်ဝါရီ ၁၁၊ ၂၀၀၈

တောင်ကိုးရီးယားနိုင်ငံမှ Peace
Radio Campaign ၏ ရေဒီယိုပေးအပ်ခြင်းအခမ်းအနားကို
ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။
Citizen Action Network (ခေါ်) တောင်ကိုးရီးယားအခြေစိုက်
NGO အဖွဲ့မှ
မြန်မာပြည်သူများကို ရေဒီယိုနားထောင်ပြီး သတင်းမှန်များသိရှိစေရန်
ဆန္ဒနှင့် ယခုကဲ့သို့ ပေးအပ်ခြင်းဖြစ်သည်။
ကိုးရီးယားနိုင်ငံရှိ ပြည်သူများက
တယောက် ၁၀ ဒေါ်လာနှုန်း ထည့်ဝင်၍ ရွှေ့ပြောင်းအလုပ် သမားများ၊ IDP
ဧရိယာရှိ မြန်မာဒုက္ခသည်များ ၊ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများမှ
မြန်မာပြည်သူများနှင့် စစ်အစိုးရ၏ သတင်းအမှောင်ချခြင်းခံနေရသော
မြန်မာပြည်သူများ ရေဒီယိုနားထောင်၍ သတင်းများ အလွယ်တကူသိနိုင်ရန်
ရည်ရွယ်ပြီး ရေဒီယိုများဝယ်ကာ လက်ဆောင်ပေးခြင်းဖြစ်သည်။
ယခုပေးအပ်သည့် ရေဒီယိုအရေတွက်မှာ
အလုံး ၇၀၀ ဖြစ်ပြီး ပထမဆုံး သက်ဆိုင်ရာ အဖွဲ့အစည်း ၁၄ ဖွဲ့ကို
ပေးအပ်ခြင်းဖြစ်ကာ “အဖွဲ့စည်းတွေကို ပေးတယ်ဆိုတာက နမူနာအနေနဲ့
ပေးတာဖြစ်ပါတယ်။ အဖွဲ့စည်းတွေကတဆင့် ပြည်သူတွေကို
ဖြန့်မယ်ဆိုလို့ရှိရင် ရအောင်လို့ အရင်ဆုံး အဖွဲ့အစည်းတွေကို
ပေးတာဖြစ်ပါတယ်”ဟု ကိုယ်စားလှယ် အိုခွမ်ယောင်(Oh Kwan Young) က
ဆိုသည်။
မြန်မာပြည်လွတ်မြောက်ရေးအတွက်
ရည်ရွယ်ပြီး ပြည်သူများကို
အထောက်အပံ့ဖြစ်စေကာ လူတိုင်းတွင် ရေဒီယိုတလုံးစီရှိလျှင်
သတင်းအမှောင်ချထားမှုများအားလုံး သိရှိခွင့်ရလာမည်ဟု မျှော်လင့်ပြီး
နောက်ထပ် Radio Campaign
လှုပ်ရှားမှုတွေ
လုပ်သွားးမှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
ထို
Peace Radio Campaign (ခေါ်) မြန်မာပြည်သူများကို
ရေဒီယိုများပေးပို့သည့်
အစီအစဉ် သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ကိုးရီးယားနိုင်ငံရောက်
မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် ကိုမောင်ဇော်က စတင်ကာ
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အဖွဲ့အစည်းများနှင့် ဆက်သွယ်၍
အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ |