|
(KNU)ခေါင်းဆောင်ဈာပန ကျင်းပပြီးစီး
ရိုးမ ၃။
ဖေဖော်ဝါရီ ၁၉၊ ၂၀၀၈

သေနတ်ဖြင့်
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် (KNU)အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ၏
ဈာပနအား ယမန်နေ့က ကျင်းပပြီးစီးခဲ့သည်။
(KNU)ဗဟိုဌာနချုပ်တွင်
ယမန်နေ့က ဈာပနအခမ်းအနားကိုကျင်းပခဲ့ရာ ကရင်အမျိုးသား တပ်မတော်(KNLA)
ဂုဏ်ပြုတပ်ဖွဲ့က ရုပ်အလောင်းအား သေနတ်ပစ်ဖောက်ဂုဏ်ပြုပြီးနောက်
မီးသင်္ဂြိုလ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်
(၁၄) ရက်နေ့ ညနေပိုင်းက နေအိမ်တွင်အနားယူနေစဉ် သေနတ်သမားနှစ်ဦးက
နေအိမ်အပေါ်ထပ်ထိ တက်လာပြီးနောက် လုပ်ကြံခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ကကျင်းပသည့် ဈာပနသို့ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ
လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းများ တက်ရောက်ခဲ့ရာ စုစုပေါင်းအင်အား
(၁၀၀၀) ကျော် တက်ရောက် ခဲ့သည်။
ဖဒိုမန်းရှာလားဖန်းအား ၁၉၄၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင်
ဧရာဝတီတိုင်း၊ ပန်းတနော် မြို့နယ်၊ တောကျောင်းကျေးရွာတွင် အဖ
မန်းဘသော်နှင့် အမိ ဂါနမ်တင်တို့မှ မွေးဖွားခဲ့သည်။
ဖဒိုမန်းရှာသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇) ရက် ကျောင်းသားလှုပ်ရှားမှုတွင်
ပါဝင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် တက္ကသိုလ်မှ ၀ိဇ္ဇာတန်းကို
သမိုင်းဘာသာအဓိကဖြင့် ဘွဲ့ရရှိခဲ့သည်။
၁၉၆၃ မှ
၁၉၆၆ ထိ(KNU) မြေအောက်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ၁၉၆၇ မှစတင်ကာ
(KNU) သို့ ၀င်ရောက်ပြီး တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့၍
ကျဆုံးချိန်တွင် အထွေထွေအတွင်းရေး မှူးတာဝန်ကို ထမ်းဆောင်နေဆဲဖြစ်သည်။
|