Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အမြင်သဘောထားမတူသည့်အဖွဲ့များ လာရောက်ဆွေးနွေးရန်
NLD ဖိတ်ခေါ်

ဗထူး။ ဖေဖော်ဝါရီ ၆၊ ၂၀၀၈ 

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ တိုင်းရင်းသားများအပေါ် သဘောထားနှင့်ပတ်သက်၍ အမြင်မတူညီသူများ လာရောက်ဆွေးနွေးနိုင်ကြောင်း NLD က ယမန်နေ့ရက်စွဲဖြင့် သဘော ထား ထုတ်ပြန်လိုက်သည်။ 

ကုလအထူးကိုယ်စားလှယ် မြန်မာပြည်သို့လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်၏ သတင်း စကား၌ တိုင်းရင်းသားများနှင့်ပတ်သက်သည့် သဘောထာအား အချို့သော တိုင်းရင်းသား ပါတီနှင့် အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

စက်တင်ဘာလ သံဃာနှင့်လူထုလှုပ်ရှားမှုအား စစ်အစိုးရမှ ရက်စက်စွာ အကြမ်းဖက်နှိမ်နင်းခဲ့ သည့်အတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ 

မြန်မာပြည်မှအပြန် စင်္ကာပူလေဆိပ်၌ မစ္စတာဂန်ဘာရီက သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားအား ထုတ်ဖော်ပြောဆိုခဲ့ရာ တိုင်းရင်းသားများအရေး ကိုပါ ဖြေရှင်းရန်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားတွင် “ကျမတို့ တိုင်းရင်းသားလူမျိုးစုတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အင်အားစုတွေ အဖြစ်နိုင်ဆုံး တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် သူတို့ရဲ့ အကျိုးစီးပွားတွေနဲ့ ထင်မြင်ချက်သဘောထားတွေကို အလေးအနက်ထား စဉ်းစားပြီးတော့ တစိုက်မတ်မတ် ရပ်တည်ပေးဖို့က ကျမရဲ့တာဝန်လို့ ခံယူထားပါတယ်”ဟု ပြောဆိုခဲ့သည်။ 

ထို့နောက် စစ်အစိုးရက အပစ်ခတ်ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့အစည်းအချို့နှင့် အမျိုးသားညီလာခံ တက်ရောက်နေသည့် အထူးဖိတ်ကြားထားသည့် ကိုယ်စားလှယ်အစုအဖွဲ့မှ တိုင်းရင်းသားပါတီအချို့အား ဖိအားပေးကာ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်အား ကန့်ကွက်စာထုတ်စေပြီး နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြခဲ့သည်။ 

ယခုထုတ်ပြန်ချက်တွင် NLD ပါတီက လွတ်လပ်စွာ ပြောဆိုခြင်းနှင့် ကန့်ကွက်ခြင်းတို့မှာ ဒီမိုကရေစီကျင့်စဉ်ကို ပါတီက သဘောပေါက်ကြောင်းနှင့် နှစ်ဦးနှစ်ဖက် ဆွေးနွေးခြင်းသည် လည်း ဒီမိုကရေစီအနှစ်သာရဖြစ်သည်ဟု ဆိုသည်။ သဘောထားအမြင်မတူ၊ အယူအဆကွဲပြား ကြသည့် အချို့သော တိုင်းရင်းသားပါတီ အဖွဲ့အစည်းများအနေဖြင့် NLD ရုံးချုပ်သို့ လာရောက် ဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။ 

စစ်အစိုးဧည့်ဂေဟာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်များ ပြီးခဲ့သည့် (၃၀) ရက်နေ့က တွေ့ဆုံခွင့်ရခဲ့ပြီးနောက် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။  

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org