|
စစ်မှန်သောတွေ့ဆုံဆွေးနွေးရေး အမြန်လုပ်ရန် ကုလအကြီးကဲတိုက်တွန်း
ဉာဏ်မောင်။ ဖေဖော်ဝါရီ ၁၃၊ ၂၀၀၈

(နအဖ)စစ်အစိုးရ ကြေညာချက်နှင့်ပတ်သက်၍
ကုလသမဂ္ဂ အကြီးအကဲက စစ်မှန်သောဆွေးနွေးရေး ပြုလုပ်ရန် တိုက်တွန်း
လိုက်သည်။
ယခုနှစ်မေလတွင် ဆန္ဒခံယူပွဲလုပ်ပြီး
၂၀၁၀ ခုနှစ်တွင် နောက် တကြိမ် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည်ဟု
စစ်အစိုးရက စနေနေ့တွင် ကြေညာခဲ့ပြီးနောက် မစ္စတာ ဘန်ကီမွန်းက တနင်္လာနေ့က
ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရအနေဖြင့်
ထိန်းသိမ်းထားသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်
တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး တနိုင်ငံလုံးရှိ ပြည်သူအားလုံးကို
ကိုယ်စားပြုသည့် အခြေခံဥပဒေ ဆန္ဒခံယူပွဲဖြစ်ရန်အတွက် ၁၉၉၀ ခု
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အတိုက်အခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူနဲစု တိုင်းရင်းသားလူမျိုးများ
ပါဝင်ပြီး သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန် လိုအပ်ကြောင်း
၎င်းက ဆက်လက်ပြောသည်။
၎င်းအပြင် မြန်မာနိုင်ငံသို့
အလည်အပတ်လာမည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီအား
ပြည်ဝင်ခွင့်ရက် အတိအကျသတ်မှတ်ပေးရန် တောင်းဆိုလိုက်ပြီး မစ္စတာ
ဂမ်ဘာရီသည် ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့နှင့် (၁၉) ရက်နေ့များတွင် တရုတ်ပြည်
ပီကင်းသို့ သွားရောက်ကာ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့တွင် စင်္ကာပူနိုင်ငံသို့
သွားရောက်လည်ပတ်မည် ဖြစ်ကြောင်းကို ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ
အမျိုးသမီး မီချယ်မွန်တက်စ်က ဆိုသည်။
(နအဖ)စစ်အစိုးရ
ရေးဆွဲလျှက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် တဖက်သတ်ရေးဆွဲနေခြင်း
သာဖြစ်ပြီး စစ်အုပ်ချုပ်ရေးယန္တရား ဆက်လက်လည်ပတ်နိုင်ရေးအတွက်သာ
အကျိုးပြုကာ အခြားတိုင်းရင်းသားများနှင့် ပြည်သူလူထုကိုလည်း
ကိုယ်စားမပြုနိုင်ကြောင်း ဘန်ကီမွန်းက ပြောဆိုခဲ့သည်။ |