Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အာဏာပိုင်ရဲများက ဒေသခံများကို အမှုဆင်ဖမ်းဆီး၊ ငွေကြေးတောင်းယူ

ဖြိုးကြီး။ ဖေဖော်ဝါရီ ၁၃၊ ၂၀၀၈ 

ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ် အာဏာပိုင်များက  ဒေသခံပြည်သူများကို ဖမ်းဆီးနှိပ်စက်မှု များ ပြုလုပ်နေသည်။ 

မောင်းတောမြို့နယ်တွင်းရှိ ဈေးဆိုင်များ၊ အိမ်များတွင် ဘင်္ဂလားဒေ့ရှ်မှ မိုဘိုင်းဖုန်းများ လက်ဝယ်ထားရှိသည်ဟုဆိုပြီး အမှုဆင်ကာ ငွေကြေး မတရားတောင်းယူပြီး မပေးနိုင်သူများကို ဖမ်းဆီးနှိပ်စက်နေခြင်းဖြစ်သည်။ 

မောင်းတောမြို့နယ်၊ နရပရကျေးရွာနေ၊ အဘ ဦးမူတူးချာဒါး၏သားဖြစ်သူ အဒူကာဆင်(အသက် ၅၅ နှစ်) နှင့် မောင်းတော (၄) ရပ်ကွက်နေ အဘ ဦးအဒူမတလား၏သားဖြစ်သူ အဒူလာ(အသက် ၂၀နှစ်) တို့ကို ယခုလ (၇) နှင့် (၈)  ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်မှ မိုဘိုင်းဖုန်း များ လက်ဝယ်ထားရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံရွာလူကြီးက ပြောသည်။ 

နရပရကျေးရွာနေ၊ အဒူကာဆင် ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ၎င်း၏မိတ်ဆွေတဦးက “နယ်မြေခံရဲနေတွေက အိမ်ကိုစစ်ဆေးမယ်ဆိုပြီး သူတို့ဝှက်ယူလာတဲ့ ဖုန်းကိုပြပြီး မောင်းတော ရဲစခန်းကို ခေါ်သွားတယ်။ ငွေ ၆ သိန်းပေးရင် ပြန်လွှတ်ပေးမယ်ဆိုပြီး ပြောတယ်”ဟု ဆိုသည်။ 

ထို့အတူ ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် မောင်းတော (၄) ရပ်ကွက်နေ အဒူလာကို နံနက် (၁၁) နာရီခန့်တွင် အရပ်ဝတ်ရဲ ၂ ဦးက ၎င်း၏လ္ဘက်ရည်ဆိုင်တွင်  တယောက်က ကောင်တာတွင် လ္ဘက်ရည်ဖိုးရှင်းနေစဉ် နောက်တဦးက နို့ဆီဗူးသေတ္တာပေါ်တွင် မိုဘိုင်းဖုန်းကို တိတ်တဆိတ် လာတင်ထားခဲ့သည်။ 

၎င်းနောက် (၁၅) မိနစ်ခန့်အကြာတွင် ရဲအရာရှိ ညီညီလွင်စိုးနှင့် ရဲ ၃ ယောက်သည် အဒူလာ၏ လ္ဘက်ရည်ဆိုင်သို့ ရောက်လာပြီး “ဘာလို့ ဘင်္ဂလားဒေ့ရှ် မိုဘိုင်းဖုန်းကိုင်တာလဲ”ဟု မေးမြန်းရာ ပိုင်ရှင်က သူ့တွင်ဖုန်းမရှိကြောင်း ပြန်ပြောသဖြင့် အတူပါလာသည့် ရဲများက နို့ဆီသေတ္တာများကို ရှာဖွေရာမှ ဖုန်းတွေ့ရှိခဲ့ပြီး ၎င်းကို ဖမ်းဆီးသွားကာ ယနေ့ထိ မောင်းတောရဲစခန်းအချုပ်ထဲတွင် ချုပ်နှောင်ထားသည်ဟု ဆိုသည်။ 

အဒူလာသည် (၁၀) တန်းစာမေးပွဲအောင်ပြီး တက္ကသိုလ်သို့ သွားရောက်မတက်နိုင်သဖြင့် မောင်းတောဈေးထဲတွင် လ္ဘက်ရည်ဆိုင်ဖွင့်ကာ လုပ်ကိုင်စားသောက်နေသူဖြစ်ပြီး ရဲအရာရှိက ၎င်းကို လွတ်ပေးရန်အတွက် ဖခင်ထံမှ ငွေ ၅ သိန်းတောင်းရာ ဖခင်ဖြစ်သူက ငြင်းဆန်ခဲ့ ကြောင်း အိမ်နီးချင်းတဦးက ပြောသည်။  

“တရားခံရဲ့အဖေက သူရဲ့သားဟာ ရိုးသားတဲ့အတွက် ရဲတွေနဲ့ အပေးအယူမလုပ်ဘူး။ သူက ဒီကိစ္စကို အထက်အာဏာပိုင်တရားရုံးတွေထိ ဆက်လိုက်မှာဖြစ်တယ်”ဟု တရားခံ၏ မိတ်ဆွေ တဦးက ဆိုသည်။   

အာဏာပိုင်များက ရိုဟင်ဂျာလူမျိုးများကို ဤကဲ့သို့ အမှုဆင်ပြီး ငွေညှစ်တောင်းယူနေခြင်းကို သက်ဆိုင်ရာ အထက်ဌာနများသို့ အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း မည်သို့မှ အရေးယူ ဆောင်ရွက်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ ငွေညှစ်တောင်းယူနေမှုများ ပိုမိုအတင့်ရဲပြီး လုပ်ဆောင်နေခြင်းဖြစ်သည်။    

ရိုဟင်ဂျာလူမျိုးများကို မောင်းတောမြို့နယ်အာဏာပိုင်များက အမှုဆင်ပြီး အဓမ္မငွေညှစ်နေရာ  ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် မိုဘိုင်းဖုန်းကိုင်ဆောင်ခြင်း၊ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် လူကုန်ကူးမှုနှင့် ပတ်သက်မှု၊ ရာဘာ့ (ခေါ်) စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်မှု စသည်ဖြင့် အမှုဆင်ဖမ်းလေ့ရှိပြီး တရားခံတဦးလျှင် ကျပ် ၅ သိန်းမှ ကျပ်သိန်း ၃၀ ထိ ငွေညှစ် တောင်းယူနေလျှက်ရှိသည်ဟု ဆိုသည်။ 

မောင်းတောခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ထွေး၊ မောင်းတောမြို့နယ် ဒုမြို့နယ်မှူး ဦးသိန်းတင်နှင့် ရဲတပ်သတင်းအထူးတပ်ဖွဲ့အကြီးအကဲ ခင်မောင်တို့သည် လာဘ်ပေးလာဘ်ယူ ငွေညှစ်ကြရာ တွင် နာမည်ကြီးသူများဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

မောင်းတောရဲစခန်း၏ နေ့စဉ်ဝင်ငွေမှာ အနည်းဆုံး ကျပ်တကုဋေခန့်ရှိပြီး ရဲတပ်ဖွဲ့ဝင်အားလုံး တွင် ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များ၊ သူတို့၏ဇနီးမယားတို့တွင် ရွှေအမြောက်အများ ဆင်ထားကြသည့်အပြင် မောင်းတောမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ဒုတပ်ဖွဲ့မှူးတို့သည် ခရိုင်တပ်ဖွဲ့မှူးသို့ တလလျှင် ကျပ်သိန်း ၅၀ နှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးအား ကျပ်သိန်း ၅၀ လစဉ်ပို့ပေးရသည်ဟု အာဏာပိုင်အရာရှိများနှင့် နီးစပ်သူတဦးက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org