|
မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်များ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
ဖြိုးကြီး။
ဖေဖော်ဝါရီ ၂၆၊ ၂၀၀၈
နိုင်ငံတကာ
ခရစ်ယာန်များသွေးစည်းညီညွတ်ရေးအဖွဲ့(CSW)က မလေးရှားနိုင်ငံရှိ မြန်မာ
ဒုက္ခသည်များ ရင်ဆိုင်နေရသည့် လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမှု
အသေးစိတ်အစီရင်ခံစာ တစောင်ကို ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။
မလေးရှားနိုင်ငံမှ
မြန်မာဒုက္ခသည်များသည် အလွန်အခြေအနေဆိုးဝါးသော ဆင်းရဲဒုက္ခများနှင့်
ရင်ဆိုင်နေရကာ ခေါင်းပုံဖြတ်ခံနေရမှုများ၊ မလေးရှားအာဏာပိုင်တို့က
တနိုင်ငံလုံးအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဖမ်းဆီး ထောင်ချခြင်း
တိုင်းပြည်ပြန်ပို့ခြင်းတို့နှင့် လူသားဆန်ဆန် ရပ်တည်ခွင့်များ
မရရှိခြင်းတို့ကြောင့် ယခုကဲ့သို့ ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်သည်။
CSW ၏ တောင်အာရှရေးရာ
ကူညီစောင့်ရှောက်ရေးဥပဒေအရာရှိဖြစ်သူ ဘင်နီဒစ်ရော်ဂျာက
“သည်အစီရင်ခံစာမှာ မြန်မာစစ်အစိုးရဟာ ပြည်သူများရဲ့ဆန္ဒများကို
ဆန့်ကျင်ပြီး လူမဆန်စွာ ရာဇဝတ်ပြုကျင့်နေတဲ့ အထောက်အထား
သက်သေခံတွေကိုရယူပြီး လွတ်မြောက်မှုနှင့် လွတ်လပ်မှုအတွက် တိုင်းပြည်မှ
ထွက်ပြေးလာရတဲ့ မြန်မာဒုက္ခသည်တွေဟာ အလွန်ဆိုးဝါး ခါးသီးလှတဲ့ ဒုက္ခများ
ကာလရှည်ကြာ မေ့ပျောက်ထားမှုများကိုလည်း ပြန်လည်ဂရုပြု သတိထား ဖို့
လိုအပ်ကြောင်းထည့်သွင်းထားပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်ခံနေရမှု၊
ဆင်းရမွဲတေနေမှု နှင့် အစဉ်အမြဲဒုက္ခရောက်နေမှု
အကြောင်းရင်းများကိုကြိုးစားရှာဖွေကြရမှာဖြစ်ပါတယ်။
နိုင်ငံတကာအသိုင်းမှလည်း မြန်မာပြည်သူတို့ခံစားနေရတဲ့ ဒုက္ခများကိုလည်း
ဆက်လက်ကြည့် မနေကြတော့ဘဲ လုပ်စရာ ရှိတာဆက်လုပ်ပေးကြပါ။” ဟု ပြောခဲ့သည်။
၎င်း CSW အဖွဲ့မှ ကိုယ်စားလှယ်များသည်
မကြာခင်ရက်ပိုင်းအတွင်းက မလေးရှားနိုင်ငံနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ
ဒုက္ခသည်များထံမှ အတင်းအဓမ္မအလုပ်ခိုင်းစေခံနေရမှုများ၊ မုဒိမ်းမှုများ၊
ညှင်းပန်းနှိပ်စက်ခံရမှုများနှင့် မြေယာများအဓမ္မအသိမ်းခံရမှုများနှင့်
ဘာသာရေးဆိုင်ရာ နှိပ်ကွပ် ခံရမှုအချက်အလက်များကို သက်သေခိုင်လုံရန်အတွက်
သွားရောက်တွေ့ဆုံးခဲ့ကြပြီး KNU အထွေထွေအတွင်းရေးမှူး
ပဒိုမန်းရှာလားဖန်းနှင့်လည်း လုပ်ကြံမခံရမီ (၃)ရက်အလိုတွင်
တွေ့ဆုံခဲ့ကြသည်။
ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာဂမ်ဘာရီအား
မြန်မာနိုင်ငံသို့ အရေးပေါ်ကိစ္စတရပ်အနေဖြင့် အလည်အပတ် လာရောက်ရန်နှင့်
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်(၉)ဦးက တောင်းဆိုထားသော မြန်မာနိုင်ငံအား
ကမ္ဘာနှင့်အဝှမ်း လက်နက်တင်ပို့မှု ပိတ်ပင်တားဆီး အရေးယူဆောင်ရွက်ရန်၊
ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့လည်း မြန်မာစစ်ခေါင်းဆောင်များအား
နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးတွင် ရုံးတင်စစ်ဆေးရန်နှင့်
စစ်အစိုးရမိသားစု အသိုင်းအဝိုင်းကို နိုင်ငံတကာတွင်
ဘဏ်အပ်နှံ ဆောင်ရွက်နေခြင်းများ ပိတ်ပင်မှုများဆောင်ရွက်ရန်
တိုက်တွန်းထားသည်။
ရိုဟင်ဂျာများကို ဒုက္ခသည်စခန်းများတွင်လည်းကောင်း၊ အိမ်များနှင့်
အလုပ်ရုံများတွင် လည်းကောင်း အစိုးရ၏
ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များမှ အတင်းဝင်ရောက်ဖမ်းဆီးနေမှု များကို
ရပ်တန့်ပေးရန်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)သို့
လည်း မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်များ အားလုံးကို ဒုက္ခသည်အဖြစ်
အသိအမှတ်ပြု မှတ်ပုံတင်ပေးဖို့၊ သူတို့အား
ပိုမိုကောင်းမွန်စွာကာကွယ်စောင့် ရှောက်ပေးရန်နှင့် မြန်မာ ဒုက္ခသည်များ
အခြေချနေထိုင်နိုင်မည့်အစီအစဉ်အတွက် အခွင့်အရေးရှိသော တိုင်းပြည်များ
ပိုမိုဆောင်ရွက်ပေးနိုင်ရန် တောင်းဆိုမှုများကိုလည်း
ဆက်လက်ဖော်ပြထားသည်။ |