|
စစ်အစိုးရမှ
ရွေးကောက်ပွဲလုပ်ရန်စီစဉ်နေသော်လည်း လူ့အခွင့်အရေးချိုးဖေါက်မှုအပေါ် EU
ဖိအားပေး
ဉာဏ်မောင်။
ဖေဖော်ဝါရီ ၁၉၊ ၂၀၀၈
မြန်မာစစ်အစိုးရသည် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲလုပ်မည်ဟု
ကြေညာနေသော်လည်း ဥရောပသမဂ္ဂအနေဖြင့် အရေးယူဆောင်ရွက်နေမှုများကို
ဆက်လက်ပြီး တင်းတင်းကြပ်ကြပ် ကိုင်ထားရမည့်အပြင်
နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်
ဖိအားပေးမည်ဟု ပြောဆိုလိုက်သည်။
ဘရပ်ဆဲတွင်ကျင်းပသော ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ၏
ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံတွင်း၌
လူ့အခွင့်အရေးချိုးဖေါက်မှုအခြေအနေများ တိုးတက်မှုမရှိသေး၍ အပြစ်ပေး
အရေးယူဆောင်ရွက်နေမှုများကို အဆင့်ထပ်မြှင့် ဆောင်ရွက်နေရဦးမည်ဟု
သတိပေးပြောကြား လိုက်ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်
နိုင်ငံရေးအကျဉ်းသားများအားလုံး ကို ပြန်လည်လွှတ်ပေးရန်နှင့်
နိုင်ငံရေးအနှစ်သာရရှိသော တွေ့ဆုံဆွေးနွေးမှုများ အမြန်ဆုံး ပြုလုပ်ရန်
မြန်မာစစ်အစိုးရအား တိုက်တွန်းလိုက်သည်။
၁၉၉၀
ခုနှစ်၊ မေလ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တနိုင်ငံလုံး အနိုင်ရရှိခဲ့သော်လည်း
မြန်မာစစ်အစိုးရသည် ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုခဲ့သည်။
ဥရောပသမဂ္ဂသည် ကုလသမဂ္ဂကြားခံ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင်
ဂမ်ဘာရီနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူ မစ္စတာ ဆာဂျီအို
ပင်ညဲရိုးတို့ကို ပြည်ဝင်ခွင့် ပေးရန်လည်း တိုက်တွန်းလိုက်သည်။ |