Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

KNU ခေါင်းဆောင်အား လုပ်ကြံမှုနှင့်ပတ်သက်၍ စစ်အစိုးရအား စွဲဆိုချက်တင်

ဗထူး။ ဖေဖော်ဝါရီ ၁၉၊ ၂၀၀၈ 

နိုင်ငံတကာ ခရစ္စယာန်စည်းလုံးညီညွတ်ရေးအဖွဲ့(CSW) မှ ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာအား ထိုင်းနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်မှုနှင့်ပတ်သက်၍ “ပြင်းထန်စွာတုန်လှုပ်မိခြင်း၊ ဝမ်းနည်းကြေကွဲရခြင်းနှင့် ရက်စက်ကြမ်းကြုပ်မှု” တို့ကို ကြာသပတေးနေ့က ဖေါ်ပြခဲ့သည်။ 

ဖဒိုမန်းရှာသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားခေါင်းဆောင်များတွင် အရေးကြီးသော အထင်ကရ ပုဂ္ဂိုလ်တဦးဖြစ်ပြီး ဗုဒ္ဒဟူးနေ့လည်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ သူ၏နေအိမ်တွင် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရခြင်းမှာ လူသတ်သမားများကို  နအဖစစ်အစိုးရမှ အမိန့်ပေးလုပ်ကြံသတ်ဖြတ်ခိုင်း သည်ဟု ယုံကြည်ရသည်ဟု ဖော်ပြထားသည်။ 

ထိုနေ့မတိုင်မီ (၃) ရက်ခန့် တနင်္လာနေ့က ဖဒိုမန်းရှာနှင့် အခြား KNU ခေါင်းဆောင်များကို သူ၏ နေအိမ်တွင်ပင် CSW ကိုယ်စားလှယ်အဖွဲ့မှ တွေ့ဆုံခဲ့သည်။ 

CSW ဥပဒေရေးရာအရာရှိဖြစ်သူ ဘင်နီဒစ် ရော်ဂျာက “ကျွန်တော်နဲ့ ဖဒိုမန်းရှာ ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးပြီး သူနဲ့အကြိမ်များစွာ တွေ့ဆုံခဲ့ဖူးတဲ့ သူငယ်ချင်းမိတ်ဆွေတဦးလဲ ဖြစ်ပါတယ်၊ သူလုပ်ကြံခံရတာ အလွန်ကို တုန်လှုပ်မိပါတယ်။ မြန်မာနိုင်ငံအတွက် မီးရှူးတန်ဆောင်နဲ့ သူ့ တိုင်းရင်းသားလူမျိုးအတွက် ပညာရှိသော၊ သတ္တိရှိသော၊ ကိုယ့်ကိုကိုယ် ရိုကျိုးနှိမ့်ချတတ်သော၊ စည်းကမ်းပြည့်ဝသည့် ခေါင်းဆောင်ကောင်းတယောက်ဖြစ်ပြီး သူ့လူမျိုးနှင့် သူ့နိုင်ငံတော် အတွက် နောက်ဆုံးချိန်ထိ စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခဲ့ပါတယ်”ဟု ဆိုသည်။ 

မြန်မာတနိုင်ငံလုံးအတွက် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် ဖဒိုမန်းရှာသည် လေးလေးနက်နက် ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့သည့်အတွက် သူ၏ပြည်သူများကလည်း ဝမ်းနည်းစွာဖြင့် ဂါရ၀ပြုလုပ်ကိုင်ဆောင်ရွက်မည်ဟု ဖော်ပြထားပြီး CSW ကိုယ်စား ၄င်းအနေ ဖြင့် ကရင်အမျိုးသားများ၊ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်အပေါင်းနှင့်အတူ အလေးနက်ဆုံး ဂုဏ်ယူဝမ်းနည်းကြောင်းဖော်ပြသည်ဟု ဆက်လက်ပြောဆိုသည် 

ယခုအခါ CSW သည် မြန်မာနိုင်ငံတွင်း၌ အဓမ္မ အလုပ်ခိုင်းစေနေမှုများ၊ ညှဉ်းပန်းနှိပ်စက်နေမှု များနှင့် မုဒိန်းမှု ကျူးလွန်နေမှုများအပါအဝင် စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး အကြမ်းဖက်ချိုးဖေါက်နေမှုများနှင့်ပတ်သက်၍ လတ်တလောဖြစ်နေသော သက်သေ အထောက်အထားများနှင့် အချက်အလက်များ ရှာဖွေစုံစမ်းရန် ဤဒေသတွင်းသို့ ရောက်ရှိနေ ခြင်းဖြစ်သည်။ 

ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ထွက်ပြေးလာသော ပြည်သူများ၊ ဒုက္ခသည်များနှင့် စက်တင်ဘာအရေးအခင်းအာ နှိမ်နင်း၍ ထွက်ပြေးလာသော မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီး များထံမှ သက်သေခံအထောက်အထားအချို့ကို ပထမဦးဆုံး လက်ဝယ်ရရှိထားသည်ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org