Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကျင်းပ 

ရိုးမ ၃။ သြဂုတ် ၁၂၊ ၂၀၀၈ 

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပနေစဉ်

 

ယနေ့ကျရောက်သည့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ အခမ်း အနားကို ထိုင်း-မြန်မာနယ်စပ် မယ်ပတောရဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

၎င်းပွဲတော်ကို အဝေးရောက်မျိုးချစ်ကရင်အမျိုးသားများ၊ ထိုင်းနိုင်ငံရောက် ကရင်အမျိုးသားများ နှင့် အခြားတိုင်းရင်းသားညီအကို မောင်နှမများ တက်ရောက်ခဲ့ကြပြီး သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ရိုးရာတေးသီချင်းများဖြင့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။ 

“ဒီပွဲတော်ကိုကျင်းပတဲ့ဆိုတာက ဟိုအရင်တုန်းလူကြီးတွေက ယုံကြည်မှုနဲ့လုပ်တာပါ၊ မျက် မှောက်ခေတ်ကျတော့ ကျနော်တို့ ကရင်အမျိုးသားတွေကြားမှာ စည်းလုံးညီညွတ်မှုရှိဖို့အဓိက ထားပြီးလုပ်တာပါ” ဟု ကရင့်ရိုးရာပွဲဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး မန်းမျိုးမြင့်က ပြောသည်။ 

ကရင့်ရိုးရာယဉ်ကျေးမှုချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို နှစ်စဉ် ဝါခေါင်လတွင် ပြုလုပ်ကျင်းပ လေ့ရှိပြီး ရှေးကရင်တိုင်းရင်းသားများ အယူအဆအရ ယခုလသည် မကောင်းဆိုးဝါးများ ပျော်မြူးသည့်လဖြစ်သောကြောင့် ၎င်းဝိဉာဉ်များ သားသမီးမြေးမြစ်များအပေါ် ကျရောက်ခြင်း မရှိစေရန် အဆောင်အယောင် (၇) မျိုးနဲ့ စီမံထားသည့် ချည်ဖြူမျှင်ဖြင့် လက်မှာပတ်ပြီး အကာ အကွယ်ပြုလုပ်သည့်ပွဲဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ 

ပွဲတော်သို့တက်ရောက်လာသည့် ကရင်တိုင်းရင်းသူတဦးက “တနှစ်တခါ ကျမတို့ ကရင်ရိုးရာ လက်ချည်ပွဲ ကိုယ့်ရဲ့ရိုးရာပွဲဖြစ်လို့လားတော့မသိဘူး၊ အရမ်းပျော်ပါတယ်၊ ဆွေမျိုးမောင်နှမတွေ ဒီမှာလာဆုံကြတာပေါ့၊ အခြေအနေအရပ်ရပ်ကြောင့် ကိုယ့်မြို့ကိုယ်ရွာမှာ မပျော်ခဲ့ရတာ       နှစ် (၂ဝ) လောက်ရှိပြီ၊ ကိုယ့်ပြည်နယ်မှာသာ လုပ်ရရင်တော့ ပိုပျော်မှာပေါ့” ဟု ပြောသည်။ 

ယနေ့ကျင်းပပြုလုပ်သည့် ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ထိုင်း နိုင်ငံအတွင်း (၁၇) ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အခြားတိုင်းရင်းသား များမှာလည်း ယခုကဲ့သို့ ရိုးရာပွဲတော်များ ကျင်းပလေ့ရှိကြောင်း ကရင်တိုင်းရင်းသားတဦးက ပြောသည်။ 

“ဒီလိုပွဲတော်တွေဆိုရင် စိတ်ထဲမှာ အရမ်းဘဲခံစားရတယ်၊ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့ ကရင်လူထုတွေ သူများနိုင်ငံထဲမှာ အများကြီးဘဲ ရောက်နေကြတယ်၊ တကယ်တမ်း ကိုယ့်နိုင်ငံ က အုပ်ချုပ်တဲ့အစိုးရတွေသာ ကောင်းရင် ကျနော်တို့ကရင်လူထုရော၊ အခြားတိုင်းရင်းသားတွေ ရော အားလုံးရိုးရာပွဲတွေကို လုပ်နိုင်မှာပေါ့၊ သူများနိုင်ငံမှာ လာလုပ်ရတဲ့အခါကြတော့ သိပ်တော့ မပျော်ရဘူး” ဟု ၎င်းကဆက်လက်ပြောသည်။ 

စစ်အစိုးရအုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုများ၏ စာပေ၊ ယဉ်ကျေးမှုများ နှင့် နှစ်ကျင်းပပြုလုပ်သည့် ရိုးရာပွဲတော်များကို တားမြစ်ပိတ်ပင်မှုများရှိနေပြီး တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com