|
ဦးမြင့်အေးအား
မည်သည့်နေရတွင်ထိန်းသိမ်းထားသည်ကို မသိရ
ဗထူး။
သြဂုတ် ၁၁၊ ၂၀၀၈
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)အဖွဲ့ခေါင်းဆောင်
ဦးမြင့်အေး အဖမ်း ခံရပြီးနောက် မည့်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို
မသိရသည့်အပြင် အာဏာပိုင်များက နေအိမ်မှ ဟောင်းနွမ်းသည့်
အဝတ်အစားတစုံကို လာရောက်တောင်းယူသွားသည်။
(၈) ရက်နေ့ညနေပိုင်းက ဦးမြင့်အေးကို ဖမ်းဆီးသွားပြီး (၉) ရက်နေ့ ညနေ
(၄) နာရီခန့်တွင် ကြည့်မြင့်တိုင် မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူးအပါအဝင်
အာဏာပိုင် (၆) ဦးက နေအိမ်သို့ ရောက်ရှိ လာကာ
တောင်းယူသွားခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူ
ကိုမောင်မောင်လေးက ပြောဆိုသည်။
“သူ့တို့က အဝတ်အစားတွေ လာတောင်းတယ်၊ အဲဒီအထဲမှာမှ အစုတ်ဆုံး၊
အဟောင်းနွမ်းဆုံး တစုံကို ယူသွားတယ်၊ နည်းနည်းထူးခြားတာက
ဦးမြင့်အေးကို ဖမ်းသွားကတည်းက သူ့အမျိုး သမီးက
အဝတ်အစားတွေထည့်ပေးလိုက်ရဲ့သားနဲ့ အဲလိုလာယူတယ်ဆိုတာက စဉ်းစားစရာပဲ”
ဟု ပြောသည်။
ထိုသို့လာရောက်ရာတွင် စခန်းမှူးတဦး၊ (SB)အရာရှိတဦး၊
အမှုလိုက်ရဲနှစ်ဦး၊ ရယကဥက္ကဋ္ဌ တဦးနှင့် ရာအိမ်မှူးတဦးတို့ ပါဝင်ပြီး
ဦးမြင့်အေး၏ ဇနီးဖြစ်သူအား ဘာမှစိုးရိမ်စရာမရှိကြောင်း နှင့်
လူမှုရေးအကူအညီများ လိုအပ်ပါက ကူညီပေးမည်တို့ကို ပြောဆိုသွားသည်ဟု ၎င်းက
ဆက်လက်ပြောသည်။
“သူ့ကို ဘယ်မှာထားတယ်ဆိုတာက မသိရပါဘူး၊ အဲဒါကလည်း ကျနော်တို့ဆီမှာက
ထုံးစံ တခုလို ဖြစ်နေတာပါ၊ မြန်မာပြည်မှာက တစုံတဦးကို
ဘာကြောင့်ဖမ်းတယ်၊ ဘာနဲ့ဖမ်းတယ်၊ ဘယ်မှာထားတယ်၊ ဘယ်လိုဆက်သွယ်နိုင်တယ်၊
ဘယ်နေ့အကြောင်းကြားမယ် ဆိုတာတွေကို ဘယ်တုန်းကမှ ပြောတယ်ဆိုတာမရှိဘူး၊
အဲဒီအတွက်ကတော့ အခုလဲပြောမှာ မဟုတ်ဘူး၊ နောင်လဲ ပြောမှာမဟုတ်ဘူး၊
ထုံးစံလိုဖြစ်နေတော့ ကျနော်တို့လည်း ထုံးစံအရ မသိရပါဘူး” ဟု
ကိုမောင်မောင်လေးက ဆက်လက်ပြောသည်။
လူ့အခွင့်အရေးလုပ်ငန်းများကိုသာ တစိုက်မတ်မတ်လုပ်ဆောင်ပြီး
မည်သည့်နိုင်ငံရေး၊ အာဏာ ရရှိရေးတို့ကိုမှ ပြောဆိုလုပ်ဆောင်ခြင်းမရှိဘဲ
ဦးမြင့်အေးကို ဖမ်းဆီးသွားခြင်းသည် လူ့အခွင့် အရေး
ချိုးဖောက်မှုတခုသာဖြစ်သည်ဟု ဆိုသည်။
“အခုလို လူ့အခွင့်အရေးကိစ္စကိုပဲ ဆောင်ရွက်နေတဲ့သူတွေကို
ဖမ်းဆီးသွားတဲ့အတွက် အကြမ်းမျဉ်း သတ်မှတ်လို့ရတာကတော့ လူ့အခွင့်အရေးကို
မကြည့်ချင်ဘူး၊ မလိုချင်ဘူး၊ မကြား ချင်းဘူးဆိုတာတွေ
မြန်မာလူ့အဖွဲ့အစည်းအထဲမှာ ရှိနေတယ်ဆိုတာတော့ ငြင်းလို့မရနိုင်တော့
ပါဘူး”ဟု ကိုမောင်မောင်လေးက ဆက်လက်ပြောသည်။
အာဏာပိုင်များက လူ့အခွင့်အရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့်
ဦးမြင့်အေးအား မကြာခဏ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး
ယခုအကြိမ်သည် (၈) ကြိမ်မြောက် ထိန်းသိမ်းခံရ ခြင်းဖြစ်သည်။ |