|
ကုလသမဂ္ဂ လူ့အခွင့်အရေး
အထူးကိုယ်စားလှယ်သစ် မြန်မာနိုင်ငံသို့ရောက်ရှိ
ဉာဏ်မောင်။
သြဂုတ် ၄၊
၂၀၀၈
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများစုံစမ်းစစ်ဆေးရန်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သည်
ယမန့်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ သည်။
လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး အထူးကိုယ်စားလှယ် မစ္စတာ
တောမတ်စ်အိုဂျာ ကွန်တာနာသည် ၎င်း၏ ခရီးစဉ်အတွင်း စစ်အစိုးရအရာရှိများ၊
ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များနှင့်တွေ့ဆုံရန်အတွက်
တောင်းဆိုထားသည်။
ထို့အပြင်
နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများသို့
သွားရောက် ကြည့်ရှု့ရန်အတွက်လည်း စစ်အစိုးရအာဏာပိုင်များထံ
တောင်းဆိုထားသည်။
ယင်းခရီးစဉ်နှင့်ပတ်သက်၍ “မြန်မာပြည်သူတွေ
လူ့အခွင့်အရေးတိုးတက်ဖို့အတွက် စစ်အစိုးရ အာဏာပိုင်တို့နဲ့
အပြုသဘောတွေ့ဆုံဆွေးနွေးရန်ဆန္ဒရှိပါတယ်” ဟု ကုလသမဂ္ဂ ကြေညာချက် တွင်
ဖေါ်ပြထားသည်။
မစ္စတာကွန်တာနာက ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်း မစ္စတာပေါ်လိုဆာဂျီအို
ပင်ညဲရိုး ၏ အစီရင်ခံစာအရ ပိုပြီးကောင်းကောင်းမွန်မွန်
ပြောင်းလဲမှုမရှိသေးပါဘူးဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက
မစ္စတာကွန်တာနာနှင့် တွေ့ဆုံခွင့်ရဖို့ မသေချာသေးသော်လည်း
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် ဆရာဝန်နှင့်ပြသခွင့်ရရှိရေးအတွက်
ဖိအားပေးရမည်ဟုဆိုသည်။
“ကျွန်တော်တို့ရဲ့ဆန္ဒက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန်နဲ့
ပုံမှန်ပြသခွင့်ရရှိရေးပဲ ဖြစ်ပါတယ်၊ မေလအစောပိုင်းကတည်းက
သူရဲ့မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းနှင့် တွေ့ဆုံခွင့်မရရှိတော့တာ”
ဟု ဆက်လက်ပြောဆိုသည်။
စစ်အစိုးရအာဏာပိုင်များဘက်က လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၏ ခရီးစဉ်သည်
ရှစ်လေးလုံးအရေးတော်ပုံ အနှစ်(၂၀) ပြည့်ကာလအတွင်း ဖြစ်နေသည့်အတွက်
ဒီမိုကရေစီ လှုပ်ရှားမှုများမဖြစ်ပေါ်ရေးအတွက် လုံခြုံရေးများ
တင်းကြပ်စွာချထားသည်။
မစ္စတာ
ကွန်တာနာသည် မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးတိုးတက်ရေးအတွက်
တာဝန်ရှိသူ များနှင့်ဆွေးနွေးပြီး လာမည့်ကြာသာပတေးနေ့တွင် ၎င်း၏ခရီးစဉ်ကို
အဆုံးသတ်မည်ဖြစ်သည်။ |